မော်လမြိုင် ၁၄ သြဂုတ်
မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀ဝ)နှင့် စစ်ကိုင်းမြို့ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ အလှူငွေကျပ် သိန်း(၃၀)ကို တာဝန်ရှိသူများမှ လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အလားတူ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့အလှူငွေများနှင့် အစားအသောက် ရိက္ခာပစ္စည်းများကို ပြည်နယ်အတွင်းရှိ အလှူရှင်များသာမက အနယ်နယ် အရပ်အရပ်ရှိ စေတနာရှင် အလှူရှင်များကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ဖွင့်လှစ်ထားသော ပြည်နယ် ရေဘေးကွပ်ကဲရေးရုံးသို့ လာရောက်လှူဒါန်း လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


