ဘားအံ  ၁၄  ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းပြီးဖြစ်သဖြင့်  ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူအချို့ မိမိတို့ မူလနေထိုင်ရာ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်း (၁၂)ခုရှိခဲ့ရာမှ ယနေ့ မွန်းတည့် ၁၂ နာရီထိ ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုကို ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၌ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအောက် ၇၃၆ စင်တီမီတာသို့ ရောက်ရှိနေကာ ရေပြန်လည်ကျဆင်းနေပြီ ဖြစ်သည့်အတွက် ရေဘေးသင့်ပြည်သူများ မိမိတို့နေအိမ်သို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ကြပြီဖြစ်သော်လည်း အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၊ အမှတ်(၅) ရပ်ကွက်ရှိ အောင်သံလွင် အားကစားကွင်းနှင့် အထက(ခွဲ)-၃ ရေဘေးကယ်ဆယ်ရေးစခန်းများ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးဘဲ အဆိုပါစခန်း(၃)ခုတွင် အိမ်ထောင်စု (၁၅၉)စု၊ လူဦးရေ(၈၂၄)ဦး ဆက်လက်ခိုလှုံနေထိုင်နေရဆဲ ဖြစ်သည်။

ကရင်ပြည်နယ်တွင် ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခြင်းတို့ကြောင့် မြို့နယ်(၆)မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး အခြေခံပညာကျောင်းပေါင်း ၃၁၉ ကျောင်း ခေတ္တပိတ်ထားခဲ့ရကာ ယနေ့ချိန်ထိ  ၇၉ ကျောင်းသာ ပြန်ဖွင့်နိုင်သေးသည့်အတွက် ကျောင်းပေါင်း ၂၄၀ ပြန်ဖွင့်ရန် ကျန်နေသေးကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးပြီး မိုးစပါးသီးနှံဧက ၂၆၄၈၉၂ ဧကအနက် ၂၃၅၂၈ ဧက ရေလွမ်းခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နေ့ထိ ၅၄၆၈ ဧက ပြန်ပေါ်ကာ ၁၈၀၆၀ ဧက ရေလွမ်းနေဆဲဖြစ်ကြောင်းနှင့် ၇၀၈ ဧကခန့် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၏ အဓိက ဆက်သွယ်ရေးလမ်းပိုင်းများတွင် လမ်းမျက်နှာပြင် ပျက်စီးခြင်း၊ လမ်းပခုံး လမ်းတာဘောင်များ ထိခိုက်ခြင်း၊ ကတ္တရာမျက်နာပြင် ပျက်စီးခြင်း၊ တံတားချဉ်းကပ်လမ်း ပျက်စီးခြင်း၊ ဘေလီတံတားများ ရေစီးနှင့်အတူ မျောပါခြင်း အစရှိသည့် လမ်းတံတားထိခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် လမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)