တောင်ကြီး ၁၄ သြဂုတ်
သဘာဝဘေးအန္တရာယ် သိကောင်းစရာများ ဟောပြောပွဲနှင့် မြေငလျင်ဘေး သရုပ်ပြသပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက သဘာဝဘေး အမျိုးမျိုးနှင့် မြေငလျင်အကြောင်း၊ ငလျင်ပြင်းအားများအကြောင်း၊ ငလျင်လှုပ်နေစဉ် လိုက်နာဖွယ်ရာများ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ စသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြုပုံများနှင့် မြေငလျင်ဘေး ဖြစ်ပွားမှုများ၌ ကယ်ဆယ်မှုများကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဟောပြောပွဲသို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
စိုင်းသန်းကျော်(တောင်ကြီး)


