mdn

ပုဂံ   ၁၄    ဩဂုတ်   

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ပေါ်ရှိ တိုးပွားလာသော ဒေသခံပြည်သူများ နွေးထွေးလုံခြုံစိတ်ချစွာ နေထိုင်သွားနိုင်ရေးအတွက် မြို့မြေနေရာ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး လူထုတွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ပုဂံမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပဒေသာခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ဒေသခံပြည်သူများ မိသားစုဘဝ နွေးထွေးလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် မြို့မြေနေရာ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက မြို့မြေနေရာ တိုးချဲ့ဆောင်ရွက်ရာ၌ ကမ္ဘာ့အမွေအနှစ် ဒေသများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ကမ္ဘာ့အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များနှင့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများက လက်တလော တွေ့ကြုံနေရသည့် လုပ်ငန်းအခက်အခဲများ၊ မြို့မြေနေရာ တိုးချဲ့ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်းပြီး မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို “ပုဂံမြို့ပေါ်ရှိ ရပ်ကွက်(၆)ရပ်ကွက်မှ တိုးပွားလာသော အိမ်ထောင်စု ၃၀ဝ အတွက် မြေနေရာခွဲဝေ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့မြေနေရာ တိုးချဲ့သတ်မှတ်ဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအကြား သဘောထားကွဲလွဲမှုများ မရှိစေရန်နှင့် အဆင်ပြေစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” ညောင်ဦးမြို့နယ် မဲဆန္ဒနယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပုဂံမြေ)