ပြည် ၁၅ သြဂုတ်
ပြည်ခရိုင် ကရင်စာပေ ယဉ်ကျေးမှု ကော်မတီမှ ဦးစီးကျင်းပမည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ပြည်မြို့ရှိ စိန်ဖရမ်စစ်ဇေးဗီးယားမူကြိုကျောင်းခန်းမတွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဒေါ်နော်ပွယ်စေး တက်ရောက်သည်။
ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ခရိုင်ကရင်စာပေ ယဉ်ကျေးမှုကော်မတီများမှ ဦးစီးကာ တိုင်းဒေသကြီး အတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်များတွင် သတ်မှတ်ထားရှိသော နေ့ရက်များအလိုက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲများ ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး အဆိုပါပွဲများ အောင်မြင်စွာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ခရိုင်(၁)ခုလျှင် ထောက်ပံ့ငွေ ကျပ်(၂၅)သိန်းစီ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကရင်ရိုးရာချည်ဖြူ ဖွဲ့မင်္ဂလာပွဲများကို တောင်ငူခရိုင်အတွက် ကျောက်ကြီးမြို့နယ်၌ သြဂုတ် ၁၇ ရက်တွင် လည်းကောင်း၊ ပြည်ခရိုင်အတွက် ပေါင်းတည်မြို့နယ်၌ သြဂုတ် ၂၀ရက်တွင်လည်းကောင်း၊ သာယာဝတီခရိုင်အတွက် အုတ်ဖိုမြို့နယ်၌ သြဂုတ်၂၄ ရက်နေ့တွင်လည်းကောင်း၊ ပဲခူးခရိုင်အတွက် ပဲခူးမြို့တော်ခန်းမ၌ သြဂုတ် ၂၉ ရက်တွင်လည်းကောင်း အသီးသီးတို့ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကရင်လူမျိုးမျာ းချည်ဖြူဖွဲ့လက်ရစ်ချည်ထုံးဖွဲ့သေ ာရိုးရာပွဲကို ကရင်တိုင်းရင်းသားများ အနေဖြင့် ဘိုးစဉ်ဘောင်ဆက် အမြတ်တနိုး ထိန်းသိမ်းလုပ်ဆောင်လာကြပြီး အဓိကအားဖြင့် မိသားစုများ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ခြင်း၊ ဥမကွဲသိုက်မပျက် ဖြစ်စေလိုခြင်း၊ မိသားစုများ ပြန်လည်စုစည်းတဲ့အခါ ချည်ဖြူလက်ရစ်ချည်အမှတ်အသားပြုကြခြင်း၊ လူကြီးမိဘများက ဆုတောင်းပေးခြင်းများအပြင် ကျန်းမာသန်စွမ်း၍ လိပ်ပြာများကိုယ်နှင့် မကွာရှိနေစေရန်အတွက် လိပ်ပြာခေါ်ပေးသော ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ပါကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


