ညောင်ဦး  ၁၅   ဩဂုတ်    


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့နံနက် ၈ နာရီက စဉ့်ကူနယ်မြေမီးသတ်စခန်း၌ ကျင်းပသည်။


အဆိုပါ ငလျင်ဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်မှုရာတွင် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်း ဦးဆောင်၍ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က သဏ္ဌာန်တူဆောက်လုပ်ထားသော အဆောက်အအုံ တွင် ငလျင်ကြောင့် ပြိုကျ၍ ထိခိုက်ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ခြင်း၊ မော်တော်ကားပျက်စီး၍ ပိတ်မိနေ သူများအား ခေတ်မီပစ္စည်းကိရိယာများ အသုံးပြု၍ ကူညီကယ်ဆယ်ခြင်း၊ မော်တော်ဆိုင်ကယ်များ လဲကျ၍ ထိခိုက်ဒဏ်ရာရရှိသူများကို အချိန်မီဆေးဝါးကုသမှုများ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားမှုအခြေအနေ သတင်းပေးပို့ ဆက်သွယ်ခြင်းများကို အဆင့်အလိုက် စနစ်တကျ သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယခုလို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ဘေးအန္တရာယ် လက်တွေ့ကြုံတွေ့လာပါက မည်ကဲ့သို့ဆောင်ရွက်ရမည်ကို သိရှိနိုင်စေဖို့နဲ့ လူ့အသက် အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသွားစေဖို့အတွက် ရည်ရွယ်ပြီး သရုပ်ပြလေ့ကျင့်မှုအား ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းထံမှ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)