စလင်း ၁၅ ဩဂုတ်
ငလျင်ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာ တုန့်ပြန်ကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ငလျင်ဘေးအန္တရာယ်ကြောင့် ပြိုကျသည့် အဆောက်အဉီနှင့် အထပ်မြင့် အဆောက်အဉီအတွင်း ပိတ်မိနေသူများကို ကနဉီး မျက်မြင်ရှာဖွေ၍ လူနာအဆင့် ခွဲခြားသတ်မှတ်ကာ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆေးကုသနိုင်ရေး ပေးပို့ခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား လက်တွေ့အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
“စလင်းမြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အများပြည်သူများအား ထိခိုက်မှု အနည်းဆုံးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် ထက်မြက်လာစေရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်စု အသင့်စုဖွဲ၍ (၁)လလျှင်အနည်းဆုံး (၂)ကြိမ် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေပြီး ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံခိုင်ရေး၊ မွမ်းမံပြင်ဆင်ခြင်းနှင့် အသင့်အနေအထားရှိရေး လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ် မီးသတ်ဦးစီး အရာရှိ ဉီးဝင်းဗိုလ်က ပြောသည်။
စိုးမိုးသူ (စလင်း)


