၁၅ သြဂုတ်


လူမှုမီဒီယာများက အားနည်းသောတိရစ္ဆာန်ကို စီတန်းအင်အားပြချီတက်မှုတွင် အသုံးပြုခြင်းကို ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ပြီးနောက် အသက် ၇၀ နှစ်အရွယ် ဆင်ကြီးတစ်ကောင်ကို သီရိလင်္ကာနိုင်ငံ၌ နှစ်စဉ်ပြုလုပ်နေကျ ဗုဒ္ဓဘာသာတို့၏ စီတန်းလှည့်လည်ဖျော်ဖြေမှုတွင် အသုံးမပြုရန် ရုတ်သိမ်းလိုက်ပြီဖြစ်သည်။     


 “တီကီရီ” ဟုခေါ်ဆိုသည့် အဆိုပါဆင်ကြီးကို ဒါဇင်နှင့်ချီသော ဆင်ပေါင်းများစွာ ပါဝင်ဆင်နွဲမည့် ကြီးကျယ်ခမ်းနားသော စီတန်းလှည့်လည်ဖျော်ဖြေမှုတွင် အသုံးမပြုတော့ဟု အခမ်းအနားကို စီစဉ်ကျင်းပသည့် ဗုဒ္ဓအံတော်တိုက် အကြီးအကဲ ပရာဒတ်နီလန်ဂါဒီလာက ပြောကြားသည်။


ကန်ဒီမြို့တွင်ကျင်းပမည့် စီတန်းလှည့်လည်ဖျော်ဖြေမှုတွင် ကျန်းမာရေးအခြေအနေကြောင့် ဆင်မကြီး “တီကီရီ” ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း၊ ဆင်မကြီးကို ပြုစုကုသမှုပေးနေကြောင်း ဒီလာက ဖုန်းဖြင့် အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။ 


နာမည်ကျော်ကြားသော အဆိုပါပွဲတော်၌ ဝတ်စုံများဆင်မြန်း၍ သက်ကြီးဆင်မကြီးကို ကီလိုမီတာပေါင်းများစွာ စီတန်းအင်အားပြချီတက်စေမှုအတွက် တိရစ္ဆာန်ချစ်မြတ်နိုးသူများက သီရိလင်္ကာ အာဏာပိုင်များကို ဝေဖန်ရှုတ်ချခဲ့သည်။ 


ဆင်များအပေါ် ပြုမူဆက်ဆံပုံမှာ လူသားမဆန်ကြောင်း အာရှဆင်များရေးရာ ကျွမ်းကျင်သူ ဂျာယန်သာဂျာရီဝါဒန်းက ပြောကြားသည်။


ဆင်မကြီးမှာ အာဟာရမပြည့်ဝသည့်အပြင် သေဆုံးတော့အံ့ဆဲဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။


ဆင်ပိုင်ရှင်များက ၎င်းတို့ ကုသိုလ်ရရှိရန် ဆင်များကို စီတန်းအင်အားပြချီတက်စေကြောင်း၊ ထိုသို့လုပ်ဆောင်မှုကို ခွင့်မပြုသင့်ကြောင်း ၎င်းကဆိုသည်။


ဝတ်စုံဆင်မြန်းထားသောကြောင့် ဆင်မကြီး တီကီရီမှာ မည်မျှအထိ အားနည်းနေသည်ကို ကြည်ရှု့သူများက မသိရှိကြောင်း Save Elephant Foundation တည်ထောင်သူ လတ်ခ်ချိုင်လတ်က လူမှုမီဒီယာများသို့ ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မြတ်ဆုံး ဗုဒ္ဓအံတော်တိုက်က ရိုးရာ ဗုံတီးခတ်သူများ၊ ကချေသည်များအပြင် ဆင်အကောင် ၁၀ဝ ခန့်ဖြင့် ကြီးကျယ်ခမ်းနားသောပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိသည်။


ကိုးကား-အေအက်ဖ်ပီ


ဘာသာပြန်-မေဇော်ထက်