ကျိုက်မရော ၁၅ သြဂုတ်
ကျိုက်မရောမြို့နယ် အတွင်းရှိ ရေဘေးသင့် ကျေးရွာပေါင်း(၃၁)ရွာနှင့် ယာယီရေဘေးရှောင်စခန်း ၁၃ ခုတွင် ရှိနေသော ရေဘေးရှောင် ပြည်သူများအတွက် ဆန်နှင့် အခြားလူသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထက ကျိုက်မရော ပညာအားမာန်ခန်းမရှိ ရေဘေးကယ်ဆယ်ရေးအဖွဲ့ ကွပ်ကဲမှု ရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ရေနစ်မြုပ်မှုဒဏ် ခံနေရသော ကျေးရွာပေါင်း ၃၁ ရွာရှိ အိမ်ထောင်စုပေါင်း ၈၀ဝ၀ ကျော်၊ လူဦးရေ ၄၆၀ဝ၀ ကျော်တို့အား ဆန်နှင့် အခြားထောက်ပံ့ပစ္စည်းများကို အညီအမျှ ခွဲဝေပေးသွားရန်နှင့် ရေမြှုပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သံဃာတော်များအတွက်လည်း ထောက်ပံ့ပေးသွားရန် ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ဆန်နှင့်စားသုံးဆီပုံးများကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
လက်ရှိအခြေအနေတွင် အတ္တရံမြစ်ရေ အနည်းငယ် ကျဆင်းသွားပြီးဖြစ်၍ ကျိုက်မရောအဝင် ထန်းပင်တန်းလမ်းအား ခရီးသွားများ ပြန်လည်သွားလာ အသုံးပြုနိုင်ပြီးဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


