ရွှေဘို ၁၅ ဩဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် အသည်းရောင်ရောဂါနှင့် ခုခံအားကျရောဂါအကြောင်း သိကောင်းစရာများ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေဘိုတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပသည်။


ဟောပြောပွဲတွင် ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ အသည်းဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာခင်ပြုံးကြည်က အသည်းရောင်ရောဂါနှင့် ပတ်သက်၍ ကူးစက်နိုင်သော နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ စမ်းသပ်စစ်ဆေးခြင်းများ၊ ရောဂါကုသခြင်းများနှင့် ဆေးကုသခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟော ပြောခဲ့သည်။


ထို့နောက် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အသည်းရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး၊ မြန်မာ အသည်း ဖောင်ဒေးရှင်း ဒုဥက္ကဌ ဒေါက်တာ ဝင်းဝင်းဆွေမှ ကျန်းမာရေးဝန်ကြီးဌာ၏ အမျိုးသားအသည်းရောင်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စီမံချက်များကိုလည်းကောင်း၊ မြန်မာအသည်းဖောင်ဒေးရှင်း၊ သံစစ်ဆေးခန်း မန်နေဂျာ ဒေါက်တာ ရီရီစိန်က ခုခံအားကျရောဂါအကြောင်းကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသော တက္ကသိုလ် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့သည်။ 


ဆက်လက်၍ မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ) ဒေါက်တာခင်မောင်လင်းက ဘီပိုး၊ စီပိုး စစ်ဆေးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော တက္ကသိုလ် ကျောင်းသား ကျောင်းသူ (၃၀ဝ)ခန့်ကို ဘီပိုး၊ စီပိုး အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။


ထွန်းမြင့်အောင်(ရွှေဘို)