မော်စကို ၁၅ ဩဂုတ်
ရုရှား-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံတမန်အသစ်ဖြစ်သော ကျန်ဟန်းဟီက နှစ်နိုင်ငံမီဒီယာများရှေ့မှောက်တွင် ပြောကြားခဲ့သည်။
“နှစ်နိုင်ငံပြည်သူများအနေဖြင့် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ခံစားခွင့်ရရှိရန်အတွက် တရုတ်-ရုရှား ချစ်ကြည်ရင်းနှီးမှုကို လူငယ်မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းပေးရန်မှာ နှစ်နိုင်ငံမှ တာဝန်ရှိသူများအတွက် အရေးအကြီးဆုံး တာဝန်တစ်ခုဖြစ်ကြောင်း” ကျန်းက တရုတ်သံရုံးတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံ၏ ကြီးမားကျယ်ပြန့်သော မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ခေတ်သစ်တစ်ခုကို ဝင်ရောက်လာပြီဖြစ်သောကြောင့် နိုင်ငံရေး၊ လုံခြုံရေးနယ်ပယ်များ၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှု နှင့် ပညာရှင်များ ဖလှယ်ရေး ကိစ္စရပ်များနှင့် နိုင်ငံတကာကြိုးဝိုင်းအတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု စသည်တို့ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အစဉ်အလာအရ လုပ်ဆောင်နေသော အဓိကစီမံကိန်းများပူးပေါင်းဆောင်ရွက်မှုများနှင့် နျူကလီးယားစွမ်းအင်အပြင် လေယာဉ်ထုတ်လုပ်မှုနှင့် အာကာသစူးစမ်းရှာဖွေများတွင် ပိုမိုဆောင်ရွက်သင့် ကြောင်းလည်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးကိစ္စရပ်များ၊ ဆောက်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အဉီများ၊ ကုန်သွယ်မှု၊ ပိုးလမ်းမစီမံကိန်း၊ ရေခဲပြင်တွင် ဒစ်ဂျစ်တယ်ပိုးလမ်းမနှင့် ပိုးလမ်းမ တည်ဆောက်ရေး စသည့် ကဏ္ဏများတွင် လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးသည့် ဝါဒ နှင့် တစ်ဖက်သတ်ဆန်သည့်ဝါဒတို့ကို ပူးပေါင်းဆန့်ကျင်ကြမည်ဖြစ်ကြောင်း၊ အများသဘောထား နှင့် သင့်တင့် မျှတသော နိုင်ငံတကာ စီးပွားရေးထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းထားရန် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကျန်သည် လီဟူ၏ နေရာကို ဆက်လက်တာဝန်ယူရန် ပြီးခဲ့သည့်သတင်းပတ်က မော်စကိုသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လီဟူသည် အဆိုပါသံရုံးတွင် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလအစောပိုင်းက ရာထူးမှ စွန့်ခွာသွားခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ
ဘာသာပြန်- စုရည်