ပုလော ၁၅ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောဖျားကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရန်မီးသတ်ယူနီဖောင်း ပေးအပ်၍ ရေဘေးသင့် ဒေသခံများအား စားသောက်ကုန်ပစ္စည်းများကို သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ (၁) နာရီက ဒူရင်းပင်ရှောင် ကျေးရွာ(လမ်းဆုံ)၌ ပေးအပ်ခဲ့သည်။
ပုလောမြို့နယ်၊ ပုလောဖျားကျေးရွာအုပ်စုရှိ ဇာဒီဝင်း၊ မဒေါ၊ ရေရှမ်း၊ ပုလောဖျား၊ ပြင်ကြီး၊ သာမြိုင်ပြင်ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အားများ တိုးပွားလာစေရန် ရည်ရွယ်၍ အရန်မီးသတ်ယူနီဖောင်း အစုံ (၆၀)စုံကို မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်က ပေးအပ်ခဲ့ရာ သာယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံခဲ့သည်။
ဆက်လက်၍ မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သာယာကုန်းကျေးရွာအုပ်စု ရေဘေးသင့် ကျေးရွာ(၄)ရွာ၌ ပြင်ကြီးကျေးရွာတွင် နေအိမ် (၂)လုံး ပြိုကျပျက်စီးသွားသောကြောင့် အိမ်သုံးပစ္စည်း (၁၅)မျိုးပါ ပလတ်စတစ်ပုံး (၂)ပုံး၊ ငွေ (၂)သိန်းကျပ်နှင့် (၇) ရက်စာ ဆန်ရိက္ခာများအား ပေးအပ်ခဲ့သည်။
ယင်းနောက် မေတ္တာရှင်ပရဟိတအသင်းမှ ဦးဆောင်၍ ပုလောဖျားကျေးရွာအုပ်စု သာမြိုင်ပြင် ကျေးရွာအတွက် စားနပ်ရိက္ခာ ပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်းများ စုစုပေါင်းတန်ဖိုးကျသင့်ငွေ (၁၄)သိန်းခွဲအား လှူဒါန်းခဲ့ရာ၊ သာမြိုင်ပြင်ကျေးရွာရပ်မိရပ်ဖများနှင့် ပုလောဖျားကျေးရွာ အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)


