နေပြည်တော် ၁၅ သြဂုတ် 


မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့အား ယနေ့နံနက် ၅ နာရီခွဲခန့်တွင် AA  ၊ TNLA ၊ MNDAA  လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်    အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး နှင့်  ရဲတပ်ဖွဲ့ ဝင် ၃ ဦးကျဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးနှင့်  ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊   ရဲတပ်ဖွဲ့၏ လက်နက်ငယ် ၁၇ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၃၁၂ တောင့်၊ မူးယစ်ဆေးဝါး ရှာဖွေရေးကိရိယာ တစ်ခု၊ ဓာတုဗေဒစမ်းသပ်ရှာဖွေရေးကိရိယာ တစ်ခု ၊ လက်ကိုင်စကားပြောစက် ၄ လုံး တို့ ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ် ၃ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကြမ်းခင်းများ ပျက်စီးသွားခဲ့ပြီး ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့် လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေး ဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA  ၊ TNLA ၊ MNDAA  အဖွဲ့ဝင် ၂ ဦးက အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် AA  ၊ TNLA ၊ MNDAA  လက်နက်ကိုင်အဖွဲ့များက တစ်ချိန်တည်း တစ်ပြိုင်တည်း  နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်က  ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ။ 


ဖြစ်စဉ်ဖြစ်လျှင်ဖြစ်ချင်း တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချို တိုးဂိတ်နှင့် အေးရှားဝေါလ်တိုးဂိတ်တို့အား စစ်ကူများ သွားရောက်ပူးပေါင်းခဲ့ပြီး ဆက်လက် နယ်မြေ ရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုး ကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစား ဒုံးသီး ၆ လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် AA  ၊ TNLA ၊ MNDAA  လက်နက်ကိုင်အဖွဲ့များက အသင့်ပြုလုပ်ထားသည့် နေရာများနှင့် ဘက္ထရီအိုး ၁ လုံးတို့ကို  တွေ့ရှိရကြောင်း။ 


နောင်ချိုမူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲကင်းစခန်း နေရာများတွင်  တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း။   
ဒဏ်ရာရရှိသူများအနက် အပြစ်မဲ့အရပ်သားပြည်သူ ၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့အား ပြင်ဦးလွင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။ 
ယခုဖြစ်စဉ်မှာ   ဇူလိုင် ၂၅ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ် ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်က သိမ်းဆည်း ရရှိခဲ့သည့် အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ရေးအရ အရေးနိမ့် လာခြင်းတို့ကြောင့် AA ၊ TNLA ၊ MNDAA အဖွဲ့များက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခဲ့ခြင်းဖြစ်ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ 

  
သတင်းစဉ်