နေပြည်တော် ၁၅ သြဂုတ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ (၄၅)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ရဲချုပ်က အဖွင့်အမှာစကား ပြောကြားကာ ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသား) လက်ရွေးစင်အသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား) လက်ရွေးစင်အသင်းတို့ သရုပ်ပြယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံးများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ၊ သီးခြားတပ်ဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များ၊ လေ့ကျင့်ရေးကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသား (၂၈)သင်း၊ အမျိုးသမီး (၁၁)သင်း၊ စုစုပေါင်း (၃၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး သြဂုတ် ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


