နေပြည်တော် ၁၅ ဩဂုတ်
အမျိုးသားလွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တကဝိသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယ်ကင်း ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး နန့်ကြင်ကြည်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
သတင်းစဉ်


