နေပြည်တော် ၁၅ ဩဂုတ် 


ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)၏ (၂/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၂/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပသည်။


အစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဝန်ကြီးဌာန၏ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ရန်ပုံငွေလျာထား နိုင်ရေးအတွက် စိစစ်ပေးခြင်းနှင့် တည်ဆောက်ဆဲ ဘတ်ဂျက်ကာလတွင် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာများကို စိစစ်ပေးလျက်ရှိပါကြောင်း။
    

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု (ငွေလုံးငွေရင်း) တည်ဆောက်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာလွှတ်တော်အသီးသီးမှ စိစစ်ပြီးပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေအဖြစ် ထွက်ရှိလာမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) သည်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တည်ဆောက်ရေး အပိုင်းဆိုင်ရာ လုပ်ငန်းများကို တင်ပြရာ၌ လုပ်ငန်းနှင့် ငွေပမာဏကိုက်ညီမှုရှိ/ မရှိ စိစစ်ပေးရသည့့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ရေးဆွဲတင်ပြခြင်းနှင့်  ရန်ပုံငွေများ လွှဲပြောင်းသုံးစွဲခြင်းတို့တွင် ဆီလျော်သောငွေပမာဏနှင့် တင်ပြရန်လိုအပ်ပါကြောင်း၊ ငွေပမာဏများခဲ့ပါက နိုင်ငံတော်ဘဏ္ဍာ အတွက်ထိခိုက်နိုင်မှုရှိသကဲ့သို့ လိုအပ်သည်ထက် လျော့နည်းလျှင်လည်း အရည်အသွေး မပြည့်မီသော တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် သုံးစွဲသူပြည်သူများအတွက် အရည်အသွေးကောင်း၍ လုံခြုံစိတ်ချရသော အခြေခံအဆောက်အအုံများ  ရရှိပြီးအကျိုးရှိထိရောက်သည့် သုံးစွဲမှုဖြစ်အောင် ဦးတည်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
    

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ကို လိုက်နာဆောင်ရွက်ရန် အလေးထားမှာကြားလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီများသည်နယ်မြေ အခြေအနေကိုသိရှိပြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်ဖြစ်သော အဆိုပြုတင်ပြသည့်နေရာများ စိစစ်ရေး၊ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ရာတွင် သုံးစွဲသည့်ပစ္စည်းအရည်အသွေးနှင့် ဈေးနှုန်းများ မှန်ကန်မှုရှိ/ မရှိစိစစ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ နေရာဒေသပတ်ဝန်းကျင်အခြေအနေနှင့် ကိုက်ညီမှုရှိ/ မရှိစိစစ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) နှင့်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် လုပ်ငန်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
    

ထို့နောက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအတွင်းရေးမှူး အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
    

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်က တည်ဆောက်ရေး လုပ်ငန်းများ လိုက်နာရမည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကို ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
    

ထို့နောက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။ 


သတင်းစဉ်