နေပြည်တော် ၁၅ သြဂုတ် 
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် စခန်းအခြေပြုမူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။ 
    

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ယခု(၃)လကြာ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်ဌာန၊ အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုစခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းမှ သင်တန်းဆင်းသင်တန်းသားများအား မူးယစ်သံသရာထဲသို့ ပြန်လည်မရောက်ရှိစေရန်အတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြုမှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်းက လေ့ကျင့်ထူထောင် ပေးလိုက်သည့်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး မူးယစ်သံသရာထဲသို့ ပြန်လည်မရောက်ရှိစေရန် ကြိုးစားသွားကြစေလိုကြောင်း၊ မိဘဆွေမျိုးပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း နားလည်လက်ခံပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။                            
    

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ နားမကြားသော ကလေးများကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဉာဏ်ရည်မသန်စွမ်းကလေးများအား ပြုစုပျိုးထောင်ပေးကြမည့် ဆရာ/ဆရာမများအတွက် အခြေခံဆရာဖြစ်သင်တန်း Pre- Level (1) အခမ်းအနားသို့ တက်ရောက်သည်။ 
    

အခမ်းအနားတွင် ဒုတိယဝန်ကြီးက မသန်စွမ်းဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက်(Early Childhood Intervention - ECI) လုပ်ငန်းများကိုလည်း ရှေ့ပြေးစီမံချက်အဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် မူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများကို လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေအရလည်း ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်ကို ထုတ်ပေးလျက်ရှိနေပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမည့် ဆရာ/ဆရာမများသည် လူမှုဝန်ထမ်းလုပ်ငန်းနှင့် ဉာဏ်ရည်မသန်စွမ်းကလေးများအား ပြုစုပျိုးထောင်ရေးလုပ်ငန်း ဆောင်ရွက်ကြရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ၊ မေတ္တာများနှင့် ပေါင်းစပ်လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ပတ်ဝန်းကျင်အထောက်အကူပြုသည့် လူမှုအကျိုးပြုလုပ်ငန်းဟု မှတ်ယူ၍လုပ်ကိုင်ကြစေလိုပါကြောင်း၊ သင်တန်းကိုလည်း မပျက်မကွက် တက်ရောက်ပေးစေလိုပါကြောင်းနှင့် သင်ကြားပို့ချပေးသော နည်းပြများ၏ နည်းစနစ်များကိုလည်း သေချာလေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 
    

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်ဦးတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် နားမကြားသောကလေးများကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများကို လှည့်လည်ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်