နေပြည်တော် ၁၅ ဩဂုတ်
သမဝါယမ အသေးစားငွေကြေးဝန်ဆောင်မှုချေိးငွေ လုပ်ငန်းကြီးကြပ်မှု ဗဟိုအဆင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရုံး အမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က စုပေါင်းဆောင်ရွက်သည့် သမဝါယမအလေ့အထကောင်းများ အခြေခံပြီး အသေးစားနှင့် အလတ်စား ကုန်ထုတ်မှုများ ဖွံ့ဖြိုးလာစေရေးအတွက် မူဝါဒ၊လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော် ဆောင်လျက်ရှိနေသကဲ့သို့ ချေိးငွေများ အပြည့်အဝပြန်လည်ရရှိရေး၊ အသင်းသားများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးကိုလည်း ထည့်သွင်းတွက်ချက်ပြီး သမဝါယမအသင်းများ၏ ငွေကြေးအရင်းအနှီးများ တောင့်တင်းစေရန်နှင့် သမဝါယမပုံရိပ်ကောင်းများ ဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေ၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သမဝါယမ အသေးစားအရင်းအနှီးချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ပေးဆပ်ခြင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ချေးငွေထိရောက်မှုရှိစေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကြီးကြပ်မှုစနစ် ပိုမိုကောင်းမွန်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အပြင် အသင်းသားများ ချေးငွေပေးဆပ်ရာတွင် အဆင်ပြေစေရေးအတွက် မူလက (၆) လတစ်ကြိမ် အတိုးအရင်းအားလုံးပေးဆပ်သည့်စနစ် ကျင့်သုံးရာမှ ပထမ(၆)လတွင် ထုတ်ချေးငွေ၏ (၁၆)ပုံ(၁)ပုံအရင်းနှင့် ကျသင့်အတိုးကိုသာ ပေးဆပ်ခွင့်ပြုခြင်းနှင့် ဒုတိယ(၆)လ (တစ်နှစ်ပြည့်ချိန်) တွင်ထုတ်ချေးငွေ အရင်း+အတိုးအားလုံး အပြေအကြေပေးဆပ်သည့်စနစ်ဖြင့် ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


