mdn

နေပြည်တော် ၁၆ သြဂုတ် 

 


စင်ကာပူနိုင်ငံ၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan)  ULA / AA အဖွဲ့များ ဖွဲ့စည်း၍ ပြည်တွင်း၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် ULA / AA အဖွဲ့ကို ငွေကြေးပစ္စည်း၊ သတင်းအချက်အလက်များ ထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်သူ ၉ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

စင်ကာပူနိုင်ငံ၌ ဧပြီ ၇ ရက်တွင် ULA/ AA (စင်ကာပူ) တာဝန်ခံ အောင်မြတ်ကျော်(ခ) ထွန်းအောင်နိုင် ဦးစီး၍ ULA / AA (စင်ကာပူ) အဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူများက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် ULA / AA အဖွဲ့၏ ၁၀ နှစ် ပြည့် အခမ်းအနားကို သက်ဆိုင်ရာအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့်အပြင် စင်ကာပူနိုင်ငံ ၌ အလုပ်လုပ်ကိုင်နေသည့် ရခိ်ုင်တိုင်းရင်းသားများအား စည်းရုံး၍ ငွေကြေးကောက်ခံပြီး AA အဖွဲ့ ကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် စင်ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ဇူလိုင် ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး စင်ကာပူနိုင်ငံမှ ပြည်နှင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ULA / AA (စင်ကာပူ) တာဝန်ခံ အောင်မြတ်ကျော် (ခ) ထွန်းအောင်နိုင် နှင့် ပြည်နှင်ခြင်းခံရသူများအပါအဝင် ဆက်စပ်ပတ်သတ်သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ဥပဒေနှင့်အညီ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ။

 

စစ်ကြောဖော်ထုတ်ချက်များအရ ULA / AA (စင်ကာပူ)အဖွဲ့ကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် AA အဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ညီဖြစ်သူ အောင်မြတ်ကျော် (ခ) ထွန်းအောင်နိုင် ဦးစီး၍ ထွန်းအေး၊ သန်းထွန်းနိုင်၊ စိုးစိုးတို့ လေးဦးက ဦးဆောင်ဖွဲ့စည်းခဲ့ ကြောင်း၊ ULA/ AA (စင်ကာပူ) အဖွဲ့သည်  ULA/ AA ဌာနချုပ်အား ထောက်ပံ့မှု ပြုလုပ်နိုင်ရေး အတွက် ငွေကြေးကောက်ခံ ထည့်ဝင်ခဲ့ကြောင်း၊ ULA/ AA ဌာနချုပ်သို့ Drone ကင်မရာ၊ ကွန်ပျူ တာများနှင့် နည်းပညာဆိုင်ရာ အထောက်အကူပစ္စည်းများကို စင်ကာပူမှ ဝယ်ယူ၍ AA မိသားစု ဝင်များနှင့် ၎င်းတို့ကို ထောက်ခံအားပေးသော မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား မြို့နယ်တို့မှ ဘုန်းကြီးကျောင်းအချို့သို့ ပေးပို့ထောက်ပံ့ခဲ့ကြောင်း။

 

ULA / AA ၏ ဝါဒဖြန့်ချိရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ulanews.com ကို အောင်မြတ်ကျော်က တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်တွင်းပြည်ပမှ လှုပ်ရှားမှုသတင်း မျးကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေရန် WhatsApp application ကို အသုံးပြု၍ BB (Blooded Brother ) Groups အမည်ဖြင့်လည်းကောင်း၊ ULA/ AA World Viber Group အမည်ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ကြကြောင်း။

 

ULA / AA (စင်ကာပူ) အဖွဲ့သည် AA အဖွဲ့သို့ ပြည်တွင်းပြည်ပ မှ ဝင်ရောက်လိုသူ များအား စည်းရုံးကာ လိုင်ဇာရှိ AA ဌာနချုပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း။

 

၂၀၁၇ ခုနှစ် ဧပြီလ မှ စတင်၍ စင်ကာပူရောက် ရခိုင်တိုင်းရင်းသားများကို စည်းရုံးကာ ULA / AA အဖွဲ့၏ ဖွဲ့စည်းခြင်း နှစ်ပတ်လည်အခမ်းအနားများ ကျင်းပခြင်း၊ ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းအနားများ ကျင်းပခြင်း များ ပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနား များတွင် ထွန်းမြတ်နိုင်က Skype Application ကို အသုံးပြု၍ Live Video ဖြင့် မိန်ခွန်းပြောကြား ခဲ့ကြောင်း။

 

၂၀၁၇ ခုနှစ်တွင် စင်ကာပူ၌ ရခိုင့်နိုင်ငံတော်အာဏာ ကျဆုံးခြင်း အခမ်းအနား ကျင်းပစဉ် ထိုင်းနိုင်ငံ  ULA / AA အဖွဲ့၏ တာဝန်ခံ ဖြစ်သူ အေးထွန်း (ခ) ထွန်းမင်းနိုင် ၊ AA အဖွဲ့မှ ကျော် ဟန်အပါအဝင် ပြည်တွင်းမှ ရခိုင်တိုင်းရင်းသား စာရေးဆရာအချို့ လာရောက်စည်းရုံး ဟောပြော ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်အား ဆန့်ကျင်သည့် ဖျော်ဖြေသရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ AASG (Arakan Association Singapore) ကိုလည်း စင်ကာပူနိုင်ငံ၌ ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် အေပြီလတွင် ဥက္ကဋ္ဌ အဖြစ် ဟိန်းဇော်၊ ဒုဥက္ကဋ္ဌအဖြစ် အေးမြတ်မွန် အပါအဝင် အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်း၍  စင်ကာ ပူရောက် ရခိုင်တိုင်းရင်းသားများထံမှ ရန်ပုံငွေများ စည်းရုံးကောက်ခံကာ ULA / AA (စင်ကာပူ) ၏ လုပ်ဆောင်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း။

 

သို့အတွက် ပြည်ပတွင် ULA/ AA အဖွဲ့များ ဖွဲ့စည်းပြီး ပြည်တွင်း၌ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေသည့် ULA / AA အဖွဲ့ကို ထောက်ပံ့ခြင်း၊ အားပေး ကူညီခြင်းများ ပြုလုပ်ခဲ့သည့် အောင်မြတ်ကျော် (ခ) ထွန်းအောင်နိုင် အပါအဝင် ဆက်စပ်သူ ၉ ဦးအား အကြမ်း ဖက်မှုတိုက်ဖျက်ရေး အက်ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့နှင့် ညိစွန်းသဖြင့် ဥပဒေ နှင့်အညီ အမှုဖွင့်လှစ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆို တင်ပို့ထားရှိကြောင်း နှင့် ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)