mdn

နေပြည်တော် ၁၆ သြဂုတ်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၁၄ ရက်နေ့ နံနက်က နေပြည်တော်တွင် ကျင်းပသည့် မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ် ၂၀၁၉ တွင် “မိမိတို့ဒေသနိုင်ငံများ၏ ယဉ်ကျေးမှုတွင် တန်ဖိုးရှိသည့် အတွေးအခေါ်များ၊ တန်ဖိုးရှိသည့်အရာများပါဝင်ပါကြောင်း၊ ထိုအရာများကို ထိန်းသိမ်းထားခြင်း ဖြင့် မိမိတို့နိုင်ငံများ၏ တိုးတက်မှု၊ ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ စီးပွားရေးအရ ပြိုင်ဆိုင်ရာ တွင် ခင်ခင်မင်မင်ပြိုင်ဆိုင်မှုကို မိမိတို့ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ရန်သူသဖွယ်ပြိုင်ဆိုင်ခြင်းမဟုတ်ဘဲ တစ်ယောက်အရည်အချင်းတက်အောင် ကျန်တစ်ယောက်က တွန်းအားပေးသည့်ပုံစံမျိုးဖြင့် ပြိုင်ဆိုင်မှုကို မိမိတို့ဆိုလိုခြင်းဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

 

ကမ္ဘာကြီးသည် အစဉ်အမြဲတိုးတက်ပြောင်းလဲလျက်ရှိသည်။ လူမှုဘဝ တိုးတက်ရေး၊ စီးပွားရေး တိုးတက်ရေး ဆောင်ရွက်ရာ တွင် မိမိအကျိုး စီးပွားဖြစ်ထွန်းရေးအတွက် အခြားသူများ၏ လိုအပ်ချက်ကို ဦးစွာ ဆောင်ရွက်ရ၊ ဦးစွာကူညီဖြည့်ဆည်းပေးကြရသည်။ သို့မှသာ မိမိလိုအပ်ချက်များ၊ မိမိစီးပွားတိုးတက်မှုများ အောင်မြင်ဖြစ် ထွန်းမည်ဖြစ်သည်။ ထို့အတူ နိုင်ငံအချင်းချင်းအနေဖြင့်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ကူညီ ဖြည့်ဆည်းပေးခြင်းဖြင့် ရှင်သန်တိုးတက်လာမည်ဖြစ်သည်။

 

တစ်ဦးနှင့်တစ်ဦး တိုးတက်အောင်ဆောင်ရွက်ပေးရာ၌ နည်းပညာခေတ်တွင် လူငယ်များ၏ အခန်းကဏ္ဍမှာ အရေးပါသည်။ လူငယ်များအနေဖြင့် ခေတ်ရှေ့ပြေးနေသော နိုင်ငံများမှ တီထွင်ဆန်းသစ်သူများအား အတုယူ အားကျကာ မိမိဘဝတိုးတက်ရေး၊ မိမိနိုင်ငံတိုးတက်ရေးကိုချိတ်ဆက်ပေါင်းစည်း လက်တွဲဆောင်ရွက်ကြရမည်။ မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ် ၂၀၁၉ တွင် ထွန်းသစ်စလူငယ်လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုများကို ထုတ်ဖော်ပြသပြီး ခေတ်ရှေ့ပြေးနေသော ဂျပန်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်နေသောဒေသတွင်းနိုင်ငံများမှ တီထွင် ကြံဆ ပူးပေါင်းဆောင်ရွက်မှုများကို ရယူကြရမည်ဖြစ်သည်။

 

ဂျပန်နိုင်ငံသည် စစ်ရှုံးနိုင်ငံ၊ ပြာပုံဘဝမှ ရုန်းထသောနိုင်ငံဖြစ်ပြီး စစ်ပြီးသည်နှင့် ဂျပန်နိုင်ငံသားများ၏ ညီညီညွတ်ညွတ် ကြိုးပမ်းရုန်းကန်မှုလုံ့လ၊ ဝီရိယတို့ကြောင့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသည်ကို အားလုံး သိရှိထားကြပြီးဖြစ်သည်။ ဂျပန်နိုင်ငံသည် တိုးတက်သည့်နိုင်ငံဖြစ်သည့်အလျောက် ထိုနိုင်ငံနှင့်လက်တွဲ ဆောင်ရွက်ခြင်း၊ ပြိုင်ဆိုင်ခြင်းဖြင့်မိမိနိုင်ငံ၊ မိမိတို့ဘဝတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

 

ယနေ့အခါ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များကိုအားထားသည်နှင့်အညီ လူငယ်လူရွယ်များမှာလည်း အရည်အသွေး၊ အရည်အချင်းပြည့်ဝကြသည်။ MMtutors Group သည် နိုင်ငံတကာ စီးပွားရေးပုံစံငယ် ယှဉ်ပြိုင်ပွဲ ၂၀၁၉ တွင် မဲခေါင်အဆင့်၌ ပထမရရှိခဲ့ပြီး အမေရိကန်နိုင်ငံတွင် တတိယဆု ရရှိခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများသည် ဂျပန်နိုင်ငံ စက်ရုပ်ပြိုင်ပွဲ ၂၀၁၉ တွင် ပထမဆု ရရှိခဲ့သည်။ မန္တလေးတက္ကသိုလ်မှ ကျောင်းသားများသည်ထိုင်းနိုင်ငံ နည်းပညာတက္ကသိုလ်၏ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှု လူငယ်စီးပွားရေးအမြင်သစ်ပုံစံငယ်ပြိုင်ပွဲ ၂၀၁၈ တွင်ဒုတိယဆု ရရှိခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသား တစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင်ကျင်းပသည့် နည်းပညာပြိုင်ပွဲ၂၀၁၈ တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်များအနေဖြင့် ပင်ကိုအားဖြင့်ကိုယ်ပိုင်အရည်အချင်းအစွမ်းအစများ ရှိပြီးဖြစ်၍ ခေတ်နောက်ကျနေသော မိမိတို့နိုင်ငံ အလျင်အမြန်တိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် တစ်ယောက်ကို တစ်ယောက် တွန်းအားပေးပြီး ဆက်လက်ကြိုးပမ်း အားထုတ်ရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ