၁၆ သြဂုတ်
မနက်အိပ်ရာနိုးလို့ အားရပါးရသမ်းပြီး ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးနှစ်ဖက်လုံး မို့အစ်နေတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်နေတဲ့ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရတာ အရမ်းစိတ်ညစ်စရာကောင်းတယ်နော်။ ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အပြင်ထွက်တော့လည်း ကိုယ့်စိတ်ကိုယ်မလုံနဲ့ တအားဒုက္ခရောက်ရတာပေါ့။ ဒီတော့ ဘယ်လိုအကျင့်တွေက မျက်လုံးမို့အစ်တာကို ဖြစ်စေလဲ၊ ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးမယ်နော်။
မနက်ပိုင်း မျက်လုံးမို့အစ်စေတဲ့ တရားခံအကြောင်းရင်းတွေ
အိပ်ရေးပျက်တာ
နောက်ကျမှ အိပ်ရာဝင်တာ
အိပ်ချိန်မပြည့်တာ
အိပ်ခါနီး အစာတွေ စားတာ
ငိုပြီးမှ အိပ်ရာဝင်တာ
စိတ်ဖိစီးမှုများတာ
နှာရည်ယိုတာ၊ နှာစေးတာ
ရေသောက်နည်းတာ
ဆား အလွန်အကျွံစားတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ။
ပုံမှန်အားဖြင့်တော့ မျက်လုံးမို့အစ်တယ်ဆိုတာ ညဘက်အိပ်ချိန် နောက်ကျတာကြောင့် ဖြစ်တာမို့ ဒီအကျင့်ကို ရအောင်ဖျောက်နိုင်ရင်တော့ အဆင်ပြေသွားမှာပါ။
၁။ အိပ်ချိန်ပြည့်ဝအောင် ဂရုစိုက်ပါ။
ညဘက်တွေမှာ ၁၂ နာရီထက် နောက်မကျဘဲ အိပ်ပါ။ မနက်စောထရမယ်ဆိုရင် ညဘက်တွေကို စောစောအိပ်ပါ။
တစ်နေ့အိပ်ချိန် ၇ နာရီမှ ၉ နာရီထိ ရှိအောင် အိပ်စက်အနားယူပါ။
အိပ်ရာမဝင်ခင် အစာစားတဲ့အကျင့်ကို ဖျောက်ပါ။ ညနေ ၈ နာရီအချိန် နောက်ဆုံးထားပြီး အစာစားပေးပါ။
ညမအိပ်ခင် ဖုန်း၊ တက်ဘလက်သုံးတာ၊ တီဗီကြည့်တာမျိုးတွေ ရှောင်ပေးပါ။
၂။ အိပ်တဲ့ အနေအထားမှန်ပါစေ။
အိပ်ရာကို ကျောချပြီး ပက်လက်အနေအထားနဲ့ပဲ အိပ်ပါ။
ဘေးတစ်စောင်းအိပ်တတ်တဲ့အကျင့်ကို ဖျောက်ပါ။
အိပ်နေတဲ့ ခေါင်းအုံးအောက်မှာ ခေါင်းအုံးအသေးတစ်လုံးထပ်ခံထားပါ။
ခေါင်းကို မြင့်မြင့်ထားပြီး အိပ်ပါ။
၃။ မအိပ်ခင် မျက်နှာကို သေချာဂရုစိုက်ပါ။
ဘာမှမလိမ်းနိုင်ရင်တောင် အမြဲတမ်း မျက်နှာသစ်ပြီးမှ အိပ်ပါ။
မျက်နှာကို ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။
လိမ်းတဲ့အခါမှာလည်း မျက်လုံးကို ပါအောင် လိမ်းပေးပါ။
၄။ စားသောက်နေထိုင်မှုပုံစံကိုလည်း ဆင်ခြင်ပါ။
ဆားကို လျှော့စားပါ။ အငန်ဓာတ်က သွေးတိုး၊ နှလုံးရောဂါတွေဖြစ်စေတဲ့အပြင် မျက်လုံးတွေကိုလည်း မို့အစ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
အချိုများတဲ့ အစားအစာတွေ၊ အအေးတွေကိုလည်း ရှောင်ပါ။
အရက်တွေကို လျှော့သောက်ပါ။
ကဖင်းဓာတ်များတဲ့ ဖျော်ရည်၊ ကော်ဖီတွေကို ရှောင်ပေးပါ။
မနက်ပိုင်း မျက်လုံးမို့အစ်နေတဲ့အခါ ဘာတွေလုပ်သင့်လဲ။
မနက်အိပ်ရာကထထချင်း မျက်လုံးမို့အစ်နေတယ်လို့ သတိထားမိတယ်ဆိုရင် အရင်ဆုံး မျက်စဉ်းခတ်လိုက်ပါ။ ပြီးသွားရင် သခွားသီးကို ပါးပါးလေးလှီးစိတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားလိုက်ပါ။ အအေးဓာတ်က မျက်လုံးမို့အစ်နေတာကို သက်သာစေနိုင်ပါတယ်။ သခွားသီးမဟုတ်ဘဲနဲ့ ရေခဲဝတ်ကပ်ပေးတာ၊ အအေးခံထားတဲ့ ရေနွေးကြမ်းအိတ်ကလေးတွေ အုပ်ပေးလို့လည်း ရပါတယ်။
မနက်ပိုင်းမှာ ရေအေးအေးနဲ့ ရေချိုးပေးပါ။ ရေများများသောက်ပါ။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီးကို များများစားပေးပါ။ အပြင်သွားခါနီး မိတ်ကပ်မလိမ်းခင် မျက်လုံးကိုပါ နေလောင်ကာခရင်မ် ပါးပါးလေးလိမ်းပေးပါ။ ညဘက်မှာ စောစောပြန်အိပ်ပါ။ အိပ်ရေးဝအောင် ပြန်လုပ်ပါ။ အဲ့ဒါဆိုရင်တော့ မျက်လုံးမို့အစ်တဲ့ ပြဿနာကို ကာကွယ်ပေးနိုင်မှာပါ။
ရေးသားသူ - Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”