အရာတော်  ၁၆  သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်  အရာတော်မြို့လျှပ်စစ် မြစ်ရေတင်(၂) စီမံခန့်ခွဲရေးဦးစီးဌာနက ရေတင်အဆင့် (၇)ဆင့်ဖြင့် မြောင်းလက်တံများမှ ရေများကို မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်းရှိ ကုတိုကိုင်းကျေးရွာအုပ်စု၊ မကျီးဇောက်ကျေးရွာအုပ်စု၊ မြေနက်ကျေးရွာအုပ်စုနှင့် ဆိတ်ဖူးကြီးကျေးရွာအုပ်စုတို့မှ တောင်သူများအတွက် မိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးရေများ ဖူလုံစွာရရှိစေရေးအတွက် ဇွန်(၁၅)ရက်နေ့မှ စတင်၍ စိုက်ပျိုးရေးများဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။


ထို့အပြင် အရာတော် မြစ်ရေတင် (၃) စီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ရေတင်စီမံခန့်ခွဲရေး မြောင်းမကြီးမှ ရေသောက်စိုက်ပျိုးမည့် သီးနှံလျာထား ဧကများအနေဖြင့် မိုးစပါး  ၆၃၀ ဧက စိုက်ပျိုးရန်နှင့် နွေစပါး  ၂၃၀ ဧက အခြားသီးနှံ ၃၃၀ ဧက စုစုပေါင်းဧက ၁၁၉၀ ကိုစိုက်ပျိုးသွားမည်ဟု သိရသည်။


ယခုနှစ် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် အရာတော်မြစ်ရေတင်( ၂ )ဧရိယာအတွင်းမှ တောင်သူများ ရေသောက်စိုက်ပျိုးမည့် သီးနှံလျာထားဧကအနေဖြင့် မိုးစပါး  ၁၆၂၀ ဧက၊ အခြားသီးနှံ ၂၀၅ ဧက၊ သတ်မှတ်စိုက်ပျိုးထားပြီး နွေစပါး ၃၂၄ ဧက၊ အခြား ၄၅၆ ဧက၊  စုစုပေါင်းဧက ၂၆၀၅ ကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစီုးနိုင် ထံမှသိရသည်။


အရာတော်မြစ်ရေတင် (၂)နှင့် မြစ်ရေတင် (၃) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နှစ်စဉ် မြစ်ရေတင်ရေသောက် ဧရိယာအတွင်းရှိ တောင်သူများထံသို့ ရာသီအလိုက် သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်ကို အထူးအလေးထားကာ စိုက်ပျိုးရေများ ဖြန်ဝေပေးမည့် အချိန်ကို ကြိုတင်အသိပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။


ထွန်းကိုကို(ယင်းမာပင်)