မုံရွာ ၁၆   သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး အစိုးအရအဖွဲ့ဝင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သူရစိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သြဂုတ် (၁၅) ရက် ၊ နံနက် (၁၀)နာရီက မုံရွာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ သိပ္ပံသုတေသနအဆောင် အကြီးစားပြင်ဆင်မှုရရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးက “ယခု သိပ္ပံသုတေသနအဆောင်သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က Capital Development Limited မှ တာဝန်ယူ၍ နိုင်ငံတော်မှ ငွေကျပ်သန်း(၆၂၀)သန်းအကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအဆောင်ကို ရေဝပ်သောနေရာတွင် ဆောက်ထားခဲ့သည့်အတွက် အဆောင်တစ်ခုလုံး၏ အပေါ်ထပ်အောက်ထပ် အခန်းတိုင်းတွင် နံရံများ အက်ကွဲခြင်း၊ အောက်ထပ်မြေသားများကျွံကျခြင်း၊ ကွန်ကရစ်တိုင်များ အက်ကွဲခြင်းတို့ကို တွေ့ရှိရပါကြောင်းနှင့် ယနေ့အချိန်အထိ ၎င်းအဆောင်တွင် မုံရွာတက္ကသိုလ်မှ ဌာနခွဲ(၆)ခုမှ ဆရာ/ဆရာမများက ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိခိုက်မှုများရှိလာနိုင်သော်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းသူကျောင်းသားများ အေးချမ်းစွာပညာသင်ကြားနေမှုအား တွေ့မြင်နေရ၍ အကြီးစားပြင်ဆင်မှုများရရှိရေးအတွက် တာဝန်ရှိသူများအား မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်တွေ့ဆုံ၍ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦးနှင့်ပတ်သက်သော အသေးစိတ်အချက်လက်များ တင်ပြမှုအပေါ် လူမှုရေးဝန်ကြီးက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အရည်အသွေးစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဆက်လက်ပြီး အန္တရာယ်မဖြစ်အောင် သေချာစေ့စပ်စွာ စစ်ဆေးပြီး ပြန်လည်တင်ပြကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ထို့နောက် အဆိုပါကျောင်းဆောင်အား အကြီးစားပြင်ဆင်မှုများရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအတွက်လိုအပ်သည့် တင်ပြမှုများကိုလည်း တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အလားတူ အဖြစ်မျိုးများ မဖြစ်ပေါ်ရေးကိုလည်း ကျန်ရှိနေသေးသည့် ကျောင်းဆောင်များကိုလည်း အန္တရယ်မဖြစ်ပွားအောင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားကြရန် ထပ်ဆင့်မှာကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ထွန်းကိုကို(ယင်းမာပင်)