စစ်ကိုင်း  ၁၆  သြဂုတ်


စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC - ဆရာတော် ဒေါက်တာ အရှင်သောဘိတသည် ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့အထိ Universl Peace Federation မှ ကြီးမှူး၍ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သည့် International Leadership Conference သို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်လျှက်ရှိကြောင်း သိရသည်။ 


 အဆိုပါ Conference သို့ အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံပေါင်း(၁ဝဝ)ကျော်မှ သမ္မတဟောင်းများ၊ ဝန်ကြီးချုပ်ဟောင်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဥပဒေပညာရှင်များနှင့် နယ်ပယ်အသီးသီးမှ ထင်ရှာကျော်ကြားသူများ စုစုပေါင်း(၃ဝဝ)ကျော်တက်ရောက်ခဲ့ကြပြီး ၂ဝ၂ဝ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် World Summit-2020 ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ ညီလာခံအတွက် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဆရာတော်သည် Universal Peace Federation ဥက္ကဋ္ဌ Dr.Thomas Walsh နှင့် သီးသန့်တွေ့ဆုံစဉ်၌ IBEC ဆရာတော်မှ "မြန်မာပြည်ဖွံ့ဖြိုးတက်ရေးအတွက် Universal Peace Federation နှင့် ကမ္ဘာ့အဖွဲ့အစည်းများက ကူညီရိုင်းပင်းရန်နှင့် နိုင်ငံတကာမှ လွဲမှားစွာကောက်ချက်ချ ထုတ်ပြန်နေသော သတင်းမှားများနှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာများ အနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်" မိန့်ကြားခဲ့ကြောင်း သိရသည်။ 


IBEC ဆရာတော်သည် သြဂုတ် (၁၅)ရက်နေ့ နံနက်(၈)နာရီတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဆရာတော်အား တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ သံရုံးရုံးအုပ်ကြီး ဦးမိုးကျော်စွာနှင့် Universal Peace Federation မှ တာဝန်ရှိသူများက အဆိုပါလေဆိပ်တွင် ကြိုဆိုဂါရဝပြုခဲ့ကြပြီး သံအမတ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေ့ဆွမ်းဆက်ကပ်ကာ ဆရာတော်ထံမှ သြဝါဒကထာများ နာယူကြည်ညိုခဲ့ကြသည်။ 


ဆရာတော်၏ ကပ္ပိယအဖြစ် IBEC Public Affairs Section တာဝန်ခံ ဦးလင်းကြူ မှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်းနှင့် ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သောတာပန်ရပ်တွင် IBEC (International Buddhist Education Center) အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကို တည်ထောင်ထားသူဖြစ်ပြီး  (၁)ပရိယတ္တိစာသင်တိုက် (၂) ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း (၃) လူ့စွမ်းအားအရင်းမြစ်ဌာန (၄) ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်နှင့် စက္ခုဒါနဆေးရုံတော် (၅) အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှု စင်တာ(နယ်သာလန်) ဟူ၍ ကဏ္ဍကြီး (၅)ခုဖြင့် ဆောင်ရွက်သာသနာပြုလျှက် ရှိကြောင်း အဆိုပါ IBEC သတင်း နှင့်ပြန်ကြားရေးဌာနမှ သိရသည်။


တင်မောင်(မန်းကိုယ်ပွား)