ပုသိမ် ၁၆ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက်မှ ပရဟိတဝါသနာရှင် လူငယ်များ စုပေါင်း၍ ဖွဲ့စည်းထားသော ပုသိမ်သား ပရဟိတအဖွဲ့မှ ဝါတွင်းကာလအတွင်း ဥပုသ်သီလ ဆောက်တည်ကြသူများနှင့် လမ်းသွားလမ်းလာ ခရီးသွားလာကြသည့် ပြည်သူများအား လပြည့်လကွယ်နေ့တိုင်း သွားလိုရာခရီးသို့ အခမဲ့ကူညီပို့ဆောင် ပေးနေကြောင်း သိရသည်။
အခမဲ့ကူညီ ပို့ဆောင်ပေးနေမှုများနှင့် ပတ်သက်၍ ပုသိမ်သား ပရဟိတအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီဟမှ "အခုဒီအဖွဲ့လေးကို ဖွဲ့ဖြစ်တာက အခုဝါတွင်းကာလမှ စဖွဲ့ဖြစ်ခဲ့တာပါ။ ဒီအဖွဲ့လေးကို အဓိကဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ဝါတွင်းကာလမှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေကို ဥပုသ်သီလသွားရောက် ဆောက်တည်ဖို့အခက်အခဲ ရှိတဲ့သူတွေရယ်၊ လမ်းသွားလမ်းလာနဲ့ ခြေလျင် အလုပ်သွား အလုပ်ပြန်တဲ့သူတွေကို လပြည့်လကွယ်နေ့တိုင်း သူတို့သွားချင်တဲ့ မြို့တွင်းဘယ်နေရာမဆို ဆိုင်ကယ်နဲ့အခမဲ့ပို့နိုင်အောင်လို့ စီစဉ်ပြီးဖွဲ့ခဲ့တာပါ။ လက်ရှိအနေအထားမှာတော့ ပရဟိတအဖွဲ့ဝင် ၂၀ ဦးက ဆိုင်ကယ်စီးရေ ၂၀ နဲ့ ကိုယ့်ဆိုင်ကယ်ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆီဝယ်ထည့်ပြီး မြို့တွင်းသွားလိုရာ ခရီးကိုအခမဲ့ လိုက်ပို့ပေးနေတာပါ"ဟုပြောသည်။
ပုသိမ်သား ပရဟိတအဖွဲ့မှ အခမဲ့ကူညီပို့ဆောင်ပေးမည့် အဖွဲ့ဝင်များအနေဖြင့် ပုသိမ်မြို့(၁)ရပ်ကွက်ရှိ အမှတ်(၁၈)သစ်စက်ရှေ့တွင် ဆိုင်ကယ်စုရပ်အဖြစ် ထားရှိပြီး ထိုနေ့တစ်နေ့လုံး လာရောက်စီးနင်းသည့် ဥပုသ်သည်များအား အအေးများလှူဒါန်းခြင်း၊ လမ်းသွားလမ်းလာ ခရီးသည်များနှင့် အလုပ်သွားအလုပ်ပြန် အချိန်များတွင် လာရောက် စီးနင်းသည့် ပြည်သူများအား စတုဒိသာများကိုလည်း ကျွေးမွေးအလှူဒါနပြုပေးပြီး လပြည့်လကွယ်နေ့တိုင်း ဆိုင်ကယ်များဖြင့် အခမဲ့ကူညီပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


