ကာမိုင်း  ၁၆   ဩဂုတ် 


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး ကပ်မှော်ဇွပ်ကျေးရွာအုပ်စု စဘော်ကျေးရွာတွင် ဩဂုတ် ၁၄ ရက်က အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးအား သတ်ကာ ငွေကျပ် သိန်းလေးဆယ်ကျော် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ကာမိုင်းနယ်မြေရဲစခန်းမှ သိရသည်။


 ဖြစ်စဉ်မှာ ဩဂုတ် ၁၄ ရက် ညနေ ၄ နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အနီး ကပ်မှော်ဇွတ်ကျေးရွာအုပ်စု၊ စဘော်ကျေးရွာ၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သေဆုံးသူ၏တူတော်စပ်သူ သက်နိုင်ဝင်း(၂၁ နှစ်)မှ ကာမိုင်းနယ်မြေရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့၍ ကာမိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းမြင့်နှင့် ရဲတပ်ဖွဲဝင်များမှ သွားရောက်စစ်ဆေးကြည့်ရှုရာ သေဆုံးသူမှာ ဒေါ်တင်ညွန့်(၅၃ နှစ်)ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တူဖြစ်သူသက်နိုင်ဝင်း ပြောပြချက်အရ ၎င်းမှာမြစ်ကြီးနား တက္ကသိုလ်တွင် ကျောင်းတက်နေစဉ် ဩဂုတ် ၁၃ ရက်က အဒေါ်ဖြစ်သူ(သေဆုံးသူ)မှ စဘော်ကျေးရွာမှ ဝယ်ယူထားသည့် ရွှေများအား ဖားကန့်သို့သွားရောက် ရောင်းချရာ ငွေကျပ် သိန်းလေးဆယ်ခန့် ရရှိခဲ့ကြောင်း ပြောပြသိရှိ၍ စဘော်ကျေးရွာတွင် အဒေါ်ဖြစ်သူတစ်ဦးတည်းနေသည်ကို စိတ်မချသဖြင့် ငွေကျပ်သိန်းနှစ်ဆယ်ခန့် လွှဲပေးရန်ပြောစဉ် ဖုန်းချသွားကြောင်း သိရှိရသည်။


ဩဂုတ် ၁၄ ရက်က သက်နိုင်ဝင်းမှာ မြစ်ကြီးနား တက္ကသိုလ်အဆောင်တွင် ရှိနေစဉ် အဒေါ်၏သူငယ်ချင်းဖြစ်သူမှ အဒေါ်အသည်းအသန်ဖြစ်နေ၍ အိမ်ပြန်ခဲ့ရန်ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် မြစ်ကြီးနားမှ စဘော်ကျေးရွာသို့ ပြန်လာရာ အဒေါ်ဖြစ်သူမှာ နေအိမ်ရှေ့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး နေအိမ်အိပ်ခန်းအတွင်းရှိ သံသေတ္တာကိုဖွင့်ကြည့်ရာ ရွှေရောင်းထားသည့် ငွေကျပ်သိန်းလေးဆယ်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်ကာ ငွေကျပ်သိန်းလေးဆယ် လုယူသွားသူအား စုံစမ်းဖော်ထုတ်နိုင်ရန် ကာမိုင်းနယ်မြေရဲစခန်းမှ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)