နေပြည်တော် ၁၆ သြဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးများ/ တာဝန်ခံအရာရှိများနှင့် အရာထမ်းများ တက်ရောက်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်တိုးတက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဦးစီးရုံးချုပ်မှ ညှိနှိုင်းဆောင်ရွက်ပေးရမည့် အချက်အလက်များအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ/ တာဝန်ခံအရာရှိများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (ပတ်ဝန်းကျင်) တာဝန်ခံအရာရှိ၊ သီလဝါအထူးစီးပွားရေးဇုန် တာဝန်ခံအရာရှိတို့မှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက သုံးသပ်ဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


