ကလိန်အောင် ၁၆ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မလွှဲတောင်ဂိတ်နှင့် အလယ်စခန်းကျေးရွာကြား ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၅)နေရာတွင် သြဂုတ် ၁၀ ရက်နေ့က မိုးရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကတ္တာရာခင်းလမ်းမကြီး ပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာတွင် ခရီးသည်ယာဉ်များနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ယာယီ ဘေလီတံတား တည်ဆောက်နေမှုကို သြဂုတ်လ ၁၆ ရက် မနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးကဲများက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အဖွဲ့တို့သည် မလွှဲတောင်လမ်းအပိုင်းနှင့် အလယ်စခန်းကျေးရွာကြားရှိ မိုင်တိုင်အမှတ် ၈/၅ မိုင်တွင် တည်ဆောက်ရေး(၄) လမ်းအထူးဖွဲ့ (၂၃)မှ ယာယီဘေလီတံတားတည်ဆောက်နေမှုလုပ်ငန်းခွင်သို့ရောက်ရှိလာခဲ့ရာ နေပြည်တော်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်၊ နေပြည်တော် လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမြင့်ဟန်၊ နေပြည်တော်တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းမြင့်မော်၊ တနင်္သာရီတိုင်း၊ လမ်းဦးစီးဌာမှ အင်ဂျင်နီယာချုပ် ဦးသိန်းမြင့်မော်နှင့် တာဝန်ရှိသူများမှ လမ်းပြု ပြင်နေမှုနှင့် ယာယီဘေလီတံတားတည်ဆောက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ လမ်းလုပ်သားများအတွက် ရေသန့်ဘူးနှင့် စားစရာများပေးဝေခဲ့ကြသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် အလယ်စခန်းကျေးရွာအဝင် မိုင်တိုင်အမှတ်(၇၆/၇)နေရာတွင်လည်း ရေးဘက်သို့သွားသည့် လမ်းယာဘက်ခြမ်း အရှည်ပေ(၁၅၀)ကျော်ခန့် ရေတိုက်စားသွားပြီး လမ်းပြိုကျခဲ့မှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကလိန်အောင် (ပြန်/ဆက်)


