ရန်ကုန် ၁၆ သြဂုတ်
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Shri Saurabh Kumar နှင့်ဇနီးတို့သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သံတမန်လမ်းရှိ ၎င်း၏နေအိမ်ရှေ့ မြက်ခင်းပြင်၌ မဟတ္တမဂန္ဒီ နှစ် (၁၅၀)ပြည့် အထိမ်းအမှတ် နံ့သာဖြူပင်ကို စိုက်ပျိုးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ မဟတ္တမဂန္ဒီ နှစ် ၁၅၀ ပြည့်အထိမ်းအမှတ် ပွဲတော် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေနှင့် ကော်မတီဝင်များ၊ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မဟတ္တမဂန္ဒီကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် မွေးဖွားခဲ့ရာနှစ် ၁၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ သစ်ပင်စိုက်ပျိုးပွဲ၊ သွေးလှူဒါန်းပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် လမ်းလျှောက်ပွဲများ၊ နံ့သာဖြူပင် အပါအဝင် သစ်ပင် ၁၅၀ စိုက်ပျိုးပွဲနှင့် မဟတ္တမဂန္ဒီ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


