ကျောက်ပွင့်ဖြူဖြူလေးကို သုပ်စားရတာကြိုက်လား။ ဒီချစ်စရာကောင်းတဲ့ ကျောက်ပွင့်လေးတွေက သုပ်စားရုံ တင်မကဘဲ ကြော်စားလို့ရသလို ဟင်းရည်ချက်သောက်လို့လည်းရပါတယ်။ အရောင်အသွေးရော အသွင်အပြင်ပါချစ်စရာကောင်းတဲ့ ကျောက်ပွင့်က အာဟာရဓာတ်ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။
ကျောက်ပွင့်ဆိုတာ
ကျောက်ပွင့်ဆိုတာက မှိုအမျိုးအစားတစ်ခုပေါ့။ လူကြိုက်များသလို အာဟာရလည်းကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ အဖြူရောင်လေးရှိပြီး အပွင့်ထူထူလေးနဲ့ အဖက်လေးတွေက အထပ်အထပ်လိုက်လေး တွေရှိနေတာပါ။ ပုံစံအတိအကျတော့မရှိပါဘူး။ အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တတ်ကြပြီး သစ်ပင်တွေရဲ့ ပင်စည်တွေမှာ ကပ်ပြီးပေါက်ရောက်တတ်ကြပါတယ်။ ဘရာဇီးဒေသမျိုးရင်းပင် တစ်မျိုးဖြစ်ပြီး ရှေးယခင်ကာလတွေကတည်းက တရုတ်နဲ့ အရှေ့တောင် အာရှဒေသတွေမှာ ဆေးဖော်စပ်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
ကျောက်ပွင့်လေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ဝါးလိုက်တိုင်း အိအိလေးဖြစ်နေတဲ့ ကျောက်ပွင့်လေးကို စားသုံးပေးမယ်ဆိုရင်
သွေးတွင်းကိုလက်စထရောကျစေမှာပါ
ကျောက်ပွင့်မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ်ပါပါဝင်နေပါတယ်။ သွေးတွင်းကအကျိုးမပြုကိုလက်စထရောတွေကို ချေဖျက်ပေးနိုင်သလို နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်မှာပါ
ကျောက်ပွင့်မှာ Polysaccharides နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ပရိုတင်းပမာဏကို တိုးမြှင့်ပေးပြီး အသည်းကိုပုံမှန်လုပ်ဆောင်နိုင်အောင် အကောင်းဆုံးအားဖြည့်ပေးနိုင်တာကြောင့် ခန္ဓာကိုယ်မှာ အားမရှိသလို ခံစားရတာတွေကို သက်သာစေနိုင်မှာပါ။ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ
ကျောက်ပွင့်မှာပါတဲ့ polysaccharides နဲ့ အခြားသော bioactive ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ နာကျင်ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်မှာပါ။
အဝမလွန်အောင်ကာကွယ်ပေးနိုင်မှာပါ
အာဟာရမြင့်များစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အဝမလွန်အောင် အကောင်းဆုံးထိန်းပေးနိုင်ပါတယ်။ ဝိတ်ချချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာပါ
ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ
ဓာတ်ဆိုးဆန့်ကျင်အာနိသင်တွေဖြစ်တဲ့ polysaccharides၊ phenolic acids နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေ တာကြောင့် ခန္ဓာကိုယ်မှာ free radical တွေကြောင့် နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
အသားအရေကျန်းမာစေမှာပါ
အသားအရေကိုကြည်လင်စေပြီး အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ အသားအရေကိုဖြူဝင်းစေပြီး အသက်အရွယ်ကြောင့်ခံစားရနိုင်တဲ့ အရေပြားပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ဦးနှောက်ကျန်းမာစေမှာပါ
ကျောက်ပွင့်က ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်ပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းမွန်စေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်အားနည်းတာတွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းမှာရော ဦးနှောက်ကိုပါ အောက်ဆီဂျင်လုံလုံလောက်လောက် ရရှိစေနိုင်ပါ တယ်။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”