ကျောက်တံခါး   ၁၆ သြဂုတ်

ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနမှ ယနေ့ နံနက်ပိုင်းက ကျောက်တံခါးမြို့မ ဈေးအတွင်းရောင်းချနေသော အစားအသောက်များအနက် သံသယရှိဖွယ် အစားအသောက်များအား ဈေးကွက်နမူနာကောက်ယူ၍ ရွှေ့လျားဓါတ်ခွဲယာဉ်ဖြင့် ချက်ချင်းစစ်ဆေးအဖြေထုတ်ကာ ရရှိလာသော စစ်ဆေးချက်အဖြေများအား ပြည်သူများထံ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ချစ်စုဝင်းမောင် နှင့်အဖွဲ့များသည် ကျောက်တံခါးမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ဈေးကော်မတီများပူးပေါင်းပါဝင်၍ မြို့မဈေးအတွင်းရောင်းချလျက်ရှိသော သံသယရှိဖွယ်အစားအသောက်များအား ကောက်ယူ၍ ရွှေ့လျားဓါတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ အစားအသောက်နမူနာ ၂၃ မျိုးအနက်မှ အမှတ်တံဆိပ်မရှိ ပဲပြားတစ်မျိုးမှာ ဖော်မလင်းပါဝင်ကြောင်း အလှကုန်(၈)ဆိုင်မှ FDA ကသုံးစွဲရန်မသင့် ထုတ်ပြန်ထားသော အလှကုန်အမျိုးအစား(၃)မျိုးအား စစ်ဆေးတွေ့ရှိခဲ့ပြီး သိမ်းဆည်းကာ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။ 

ယင်းနောက် ဆိုင်ရှင်များအား နောက်နောင်မရောင်းချရန် ခံဝန်ဂတိလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ကာ မြို့မဈေး တာဝန်ခံရုံး၌ ဈေးသူဈေးသားများအား FDA မှ တာဝန်ရှိသူများက အသိပညာပေးဆွးနွေးပွဲ ပြုလုပ်ကာ ပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)