နေပြည်တော် ၁၆ ဩဂုတ်
စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် စာကြည့်တိုက်အသုံးပြုမှု ရင်းနှီးကျွမ်းဝင်စေရေးတို့ အတွက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့ပူးပေါင်း၍ Child Fund Korea ၏ ကူညီထောက်ပံ့ ပေးမှုဖြင့် "ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်" များကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင် တစ်လလျှင် (၂)ကြိမ်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုပ္ဗသီရိမြို့နယ်များရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား တစ်ကျောင်းလျှင် ကျောင်းသား(၁၀ဝ)စီနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများအား ဖိတ်ခေါ်၍ ပုံပြင်ပြောပြခြင်း၊ ပုံပြင်တွင် ပါဝင်သော ဇာတ်ကောင်လေးများကို ပန်းချီဖြင့် သရုပ်ဖော်ခြင်း၊ မိမိကြိုက်နှစ်သက်ရာ မြန်မာစာအုပ်(၂)အုပ်ကို အဖွဲ့လိုက်ဖတ်ရှုပြီး တစ်ဖွဲ့ချင်း ဗဟုသုတဖလှယ်ခြင်း၊ စာကြည့်တိုက် အသုံးပြုမှုနှင့်ရင်းနှီးကျွမ်းဝင်စေရန် သတ်မှတ်ပေးထားသောစာအုပ်အမည်ကို call no ဖြင့် စာအုပ်များထုတ်ယူခြင်း၊ ရရှိလာသောစာအုပ်ကိုဖတ်ရှု၍ အဖွဲ့လိုက် ဗဟုသုတမျှဝေခြင်း၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုစေခြင်း၊ ပျော်ရွင်စရာဂိမ်းကစားခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုခြင်း၊ တိရိစ္ဆာန်ပုံများပြုလုပ်ခြင်း၊ လူပုဂ္ဂိုလ်များ၊ နေရာများ၊ သဘာဝပတ်ဝန်းကျင်ရှိအရာများ၊ အဆောက်အဉီများ၏ အမည်များဖြင့် ပုံပြင်များ၊ ဇာတ်လမ်းများ ဖန်တီးခြင်းနှင့် လက်မှုပညာပြုလုပ်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဖော်ပြပါ ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်များကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် ဩဂုတ်(၉)ရက်၊ (၁၀)ရက်၊ (၂၁)ရက်နှင့် (၂၂)ရက်များနှင့် စက်တင်ဘာ (၁၁)ရက်၊ (၁၂)ရက်၊ (၂၅)ရက်နှင့် (၂၆)ရက်များတို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


