ရန်ကုန်မြို့ ၁၆  ဩဂုတ် 
    
မြန်မာနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံနှင့် အလုပ်ဌာနများတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လှိုင်သာယာစက်မှုဇုန်ရုံး မြေကွက်လပ်တွင် ဂျပန်နိုင်ငံအစိုးရ၏ Grant Assistance for Grassroots Human Security Projects (GGP) အစီအစဉ်အရ တည်ဆောက်လှူဒါန်းသည့် အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။
    
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro MARUYAMA ၊ မြန်မာနိုင်ငံဆိုင်ရာ ILO ရုံးတို့မှ တာဝန်ရှိသူများနှင့် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
    
အဆိုပါသင်တန်းကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး သင်တန်းကျောင်း လှူဒါန်းမှု ကြေးပြားမှတ်တမ်းအား အမွှေးနံ့သာဖြင့်ပက်ဖြန်းပေးသည်။

ယင်းနောက် သင်တန်းကျောင်း စုဝေးခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံဆိုင်ရာဂျပန်သံ အမတ်ကြီး၊ အလုပ်ရှင်အဖွဲ့အစည်းကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တို့က အမှာစကားပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ထံသို့ သင်တန်းကျောင်း တည်ဆောက်လှူဒါန်းမှုဆိုင်ရာ မှတ်တမ်းအထောက်အထားများကိုလွှဲပြောင်း ပေးအပ်ပြီး သင်တန်းကျောင်းတွင် အသုံးပြုရန် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည့် UPG Paint Co.,Ltd မှ တာဝန်ရှိသူအား အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်များနှင့် တက်ရောက်လာသူများမှ သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။  

အဆိုပါသင်တန်းကျောင်းကို ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီဖြင့် အမေရိကန် ဒေါ်လာ (၉၀၃၁၂)ကုန်ကျခံတည်ဆောက်ပေးခဲ့ကြောင်းနှင့် ဤသင်တန်းကျောင်းတည်ဆောက်ခြင်းကြောင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ထိရောက်မှုရှိစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အလုပ်ရှင်၊ အလုပ်သမားနှင့်  သက်ဆိုင်သူများ (Stakeholders)တို့အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ အသိအမြင်မြှင့်တင်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်