နေပြည်တော် ၁၆ သြဂုတ်
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(I - 20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ဇွန် ၂၅ ရက်မှ ဇူလိုင် ၈ ရက်အထိ မကွေးတိုင်းဒေသကြီးသို့ ကွင်းဆင်းစိစစ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် မှာကြားသည်။
ထို့နောက် မေးခွန်းရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊ မကွေးတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၆) နှင့်ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းလေ့လာစိစစ်တွေ့ရှိချက်များကိုတင်ပြခဲ့ပြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည်ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင် ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


