ထားဝယ် ၁၆  သြဂုတ် 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရေး-ထားဝယ် ကားလမ်းအား ပြန်လည်ပြုပြင်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးရုံးခန်း၌ သြဂုတ်လ ၁၆ ရက် မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မလွှဲတောင်ဂိတ်နှင့် အလယ်စခန်းကျေးရွာကြား ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၅)နေရာတွင် သြဂုတ် ၁၀ ရက်နေ့က မိုးရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ကတ္တရာခင်းလမ်းမကြီး ပြိုကျမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ခရီးသည်ယာဉ်များနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် လမ်းများပြုပြင်ခြင်း၊ ယာယီ ဘေလီတံတား တည်ဆောက်ခြင်းများကို ဆောင်ရွက်နေမှုအခြေအနေများ၊ အခြေခံစားကုန်များနှင့် အခြားကုန်ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်စေရေး အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်သူရက ပြောကြားရာတွင် မလွှဲတောင် လမ်းအပိုင်းနှင့် အလယ်စခန်းကျေးရွာကြားရှိ လမ်းယာဘက်ခြမ်း အရှည်ပေ (၁၅၀)ကျော်ခန့် ရေတိုက်စားသွားပြီး လမ်းပြိုကျခဲ့ပါကြောင်း၊ မိုင်တိုင်အမှတ် ၈၀/၅ မိုင်တွင် တည်ဆောက်ရေး(၄) လမ်းအထူးဖွဲ့(၂၃)မှ ယာယီဘေလီတံတား တည်ဆောက်နေပါကြောင်း ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းနိုင်စေရေးအတွက် လမ်းများပြုပြင်ခြင်း၊ ယာယီဘေလီတံတား တည်ဆောက်ခြင်းများကို ဆောင်ရွက်နေပါကြောင်း၊ သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်နှင့် ကုန် စုစုပေါင်းတန်ချိန် ၂၄ တန်အထိသာ ဖြတ်သန်း သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ 

ထိုသို့ဖြတ်သန်းရာတွင် လမ်းပိတ်ဆို့မှုမဖြစ်စေရေးနှင့် လမ်းများ ဆက်လက် မပျက်စီးစေရေး အတွက် အချိန်ပိုင်းဖြင့် တန်ပိုစစ်ဆေး၍ ခွင့်ပြုပေးမည် ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများ အနေဖြင့် ရေကြီးမှု မဖြစ်ပေါ်သည့်အချိန် ပွင့်လင်းရာသီရောက်မှသာ ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ ယခု ရေကြီးမှုတွင် လမ်းဦးစီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၂၉၂.၂၇ ခန့် ရှိပါကြောင်း၊ ပြန်လည် ပြုပြင်မည်ဆိုပါက ငွေကျပ်သန်းပေါင်း ၁၂၀ဝ ကျော် ကုန်ကျမည်ဖြစ်ပါကြောင်း၊  ယခုဆုံးရှုံးမှု စာရင်းသည် နယ်စပ်ဒေသဦးစီးဌာနမှ ဆောင်ရွက်သည့် ကျေးလက်လမ်းများ မပါဝင်ပါကြောင်း၊ မိုးရေးကြီးမှုကြောင့် အိမ်ထောင်စု ၁၁၄၃ စုနှင့် လူဦးရေ ၄၅၇၄ ဦး ဘေးဒုက္ခ ခံစားခဲ့ရပါကြောင်း၊ တနင်္သာရီမြို့နယ်အနေဖြင့် အိမ်ထောင်စု ၅၀၅ စု၊ လူဦးရေ ၂၄၁၇ ဦး ခံစားခဲ့ရပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအတွက် အရန်ဆန်များ ငွေကျပ် သိန်း ၁၅၀ဝ ဖိုး ဝယ်ယူ သိုလှောင်ထားပါကြောင်း၊ ယခု ရေကြီးမှုတွင် ဆန်အိတ် ၅၀ဝ ဖြန့်ဝေပေးပြီးဖြစ်ပါကြောင်း ရေဘေးသင့် ပြည်သူတစ်ဦးချင်းစီကိုလည်း သတ်မှတ်ထားသည့် ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကိုလည်း ထောက်ပံ့ပေးခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ဆန်ကုန်သည်များ၊ သစ်ကုန်သည်များ၊  စီးပွားရေး လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးနှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်သည်များ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်သူရ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ထားဝယ်မြို့ရှိ ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ 

ထားဝယ်ခရိုင်ပြန်/ဆက်