ကျီခါး ၁၇ ဩဂုတ်
ချင်းပြည်နယ် ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဌာနနှင့် Save The Children တို့ပူးပေါင်းပြီး အာဟာရပြည့်ဝသော မိခင်နှင့် ကလေးများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် အာဟာရချက်ပြုတ် ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဝုန်ဆွင်းကျိန်က "သားဆက်ခြားနည်း" အကြောင်းအရာများကို လည်းကောင်း၊ Save The Children မှ ဆရာဦးခမ်တုန်းထန်က "အာဟာရပြည့်ဝသော အစားအစာချက်ပြုတ်နည်း"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြသည်။
ယင်းနောက် အာဟာရချက်ပြုတ်ပြိုင်ပွဲမှ ဆုရရှိသော စံပြမိခင်များကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် ဖြည့်စွက်အာဟာရပစ္စည်းများကို တစ်ဦးချင်းစီဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။
ကျီခါး(ပြန်/ဆက်)


