ရန်ကုန် ၁၇ သြဂုတ်
မြန်မာနိုင်ငံအတွင်းသို့ ကားစက်ရုံ အများအပြားဝင်ရောက်လာမည်ဆိုပါက ပြည်တွင်းထုတ်ကားများအတွက် နေရာပိုရနိုင်ကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းမှ သိရသည်။
ကားစက်ရုံတွေ ထပ်လာမယ်။ ကားသစ်တွေထပ်လာမယ်ဆိုရင် ပြည်တွင်းမှာထုတ်လုပ်တဲ့ ကားတွေက နေရာပိုရလာမယ်။ လူတွေရဲ့ ဝင်ငွေကောင်းရင် ကားဈေးကွက်ကောင်းမယ်။ တိုင်းပြည်ရဲ့ဝင်ငွေတိုးရင်လည်း ကားဈေးကွက်ကောင်းမယ်ဟု မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
လက်ရှိတွင် မော်တော်ယာဉ် အစိတ်အပိုင်းများတင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်(SKD)စနစ်ဖြင့် ထုတ်လုပ်ကြောင်း၊ ယင်းစနစ်ဖြင့် ထုတ်လုပ်သည့် ကားစက်ရုံပေါင်း (၇) ခု ဝန်းကျင်ရှိကြောင်း သိရသည်။
ကားစက်ရုံများ အများအပြားပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး ထုတ်လုပ်မည်ဆိုပါက မြန်မာနိုင်ငံ၏ ကားဈေးကွက်မှာ အလားအလာပိုကောင်းလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် တိုယိုတာကားစက်ရုံမှလည်း ပြည်တွင်း၌ ကားစက်ရုံဖွင့်ရန် ပြင်ဆင်နေပြီး အများစုသည် တပါတ်ရစ်ကားများကိုသာ တင်သွင်းမှုများကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အစိုးရသစ်၏ သုံးနှစ်တာကာလအတွင်း ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့် ကို ပိတ်ထားခဲ့ကြောင်း၊ ယင်းအပြင်၂၀၁၁ ခုနှစ်မှစ၍ တစ်ဦးချင်းကားတင်သွင်းခွင့်ပြုခဲ့ပြီး တစ်နှစ်လျှင် မြန်မာနိုင်ငံ၏ ကားတင်သွင်းမှုမှာ အစီးရေ တစ်သိန်း ကျော်အထိရှိခဲ့ကာ အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်ကို ကန့်သတ်ခဲ့သည့်အတွက် တစ်နှစ်လျှင် အစီးရေ ၆၂၀ဝ ကျော်သာ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
သူရိန်ကျော်


