မုံရွာ ၁၇ သြဂုတ်
မုံရွာမြို့တွင် အများပြည်သူအပန်းဖြေစရာ နေရာတစ်ခုဖော်ဆောင်နိုင်ရန်အတွက် ကန်သာယာကန်ကြီးအား ယခုလဆန်းပိုင်းမှစတင်ပြီး ကန်အောက်ခြေ မြေသားအနက်တူးဖော်ခြင်း၊ ကန်ပတ်ပတ်လည်အား ပေ(၃၀) အကျယ်ရှိ လျှောက်လမ်းဖောက်လုပ်ခြင်း၊ ကန်၏ဒေါင့်နေရာ(၂)ခုတွင် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ ထားရှိရန်နေရာ၊ ဥယျာဉ်နေရာများ ဖော်ဆောင်ခြင်း၊ ကန်အတွင်းရှိ ကျွန်းများအားထပ်မံချဲ့ထွင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ၎င်းလုပ်ငန်းများ ပြီးစီးပါက အပန်းဖြေစရာနေရာများကို ဆက်လက်ဖော်ဆောင်ပေးသွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
“မြို့ခံပြည်သူတွေအတွက်တော့ ရင်ပြင်လည်းရှိလာမယ်၊ အပန်းဖြေစရာနေရာတစ်ခုရှိတဲ့အတွက် မနက်ပိုင်းမှာ ကျန်းမာရေးအတွက် အားကစားလုပ်လို့ရမဲ့ နေရာတစ်ခုရှိလာမယ်၊ ညနေပိုင်းတွေမှာလည်း မိသားစုလိုက်၊ သူငယ်ချင်းအစုအဖွဲ့လိုက်တွေ အပန်းဖြေစရာနေရာတစ်ခုဖြစ်လာမယ်၊ ကျွန်းတွေထဲမှာလည်း ကလေးကစားကွင်းလေးတွေလည်း လုပ်ပေးထားမယ်၊ ရုံးပိတ်ရက်၊အားလပ်ရက်တွေမှာလည်း မိသားစုလိုက် လာပြီးအပန်းဖြေလို့ရမဲ့နေရာတစ်ခုဖြစ်လာမှာဖြစ်တယ်၊ ကန်အတွင်းမှာလည်း လှေလှော်ပြိုင်ပွဲတွေ ကျင်းပ နိုင်အောင်အထိ စီစဉ်ပေးသွားဖို့ လည်းရှိနေတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောသည်။
ကန်အတွင်းပိုင်းအားပြုပြင်ပြီးနောက်တွင် ရွှေလိမ္မော်ကျွန်းအားအပန်းဖြေဥယျာဉ်နှင့် အခမ်းအနား ကျင်းပနိုင်သည့် ပြည်သူ့ရင်ပြင်သဘောမျိုးအဖြစ်လည်းကောင်း၊ ဘုရားကျွန်းအား ဘုရားလာရောက် ဖူးမျှော်သူများနှင့် ပြည်သူတွေအနားယူအပန်းဖြေနိုင်သည့် နေရာတစ်ခုအဖြစ်လည်းကောင်း၊ ကျောက်တိုင်ကျွန်း အားလွတ်လပ်ရေးနေ့အခမ်းအနား၊ လူထုအခမ်းအနားတွေလုပ်ဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ်လည်းကောင်း၊ ကန်ပတ်ပတ်လည်တွင် ပေ(၃၀)အကျယ်ရှိ ကန်ပတ်လမ်းတစ်လျောက်တွင် အပန်းဖြေစရာနေရာများ၊ လေ့ကျင့်ခန်းလုပ်နိုင်သည့်နေရာများ၊ လျှောက်လမ်းများ၊ ကန်ဒေါင့်နေရာနှစ်ခုတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ထားရန်နေရာများနှင့် ပန်းခြံ(၂)ခုတို့အား ဖော်ဆောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)


