ရန်ကုန် ၁၇ ဩဂုတ်

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် သြစတြေးလျကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။

မြန်မာအသင်းသည် သြစတြေးလျအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ပေးလိုက်ရသည့် ဂိုးများကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင်ရသည့်ဂိုးဖြင့် မိနစ် ၅၀ ကျော်အထိ ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင် သြစတြေးလျတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ကာ တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်။ မြန်မာအသင်း ခံစစ်အမှားအယွင်းမရှိသလို တန်ပြန်တိုက်စစ်မှာလည်း ထိရောက်ခဲ့ပြီး ၁၇ မိနစ်တွင် လမင်းထွေးက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ဦးဆောင်ဂိုးကိုထိန်းရန် ခံစစ်အားပြုကစားခဲ့ရာ တိုက်စစ်မြင့်လာသည့် သြစတြေးလျအသင်း စိတ်ကြိုက်ဖြစ်သွားပြီး ၅၅ မိနစ်တွင် ရစ်ကီဘရော့က အဝေးကန်ချက်ဖြင့် ချေပဂိုးပြန်သွင်းခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် သြစတြေးလျအသင်း ပိုဖိကစားနိုင်ခဲ့ပြီး ၇၆ မိနစ်တွင် အသင်းခေါင်းဆောင် ထရီဝင်က သွင်းယူခဲ့သည်။

အခြားဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းက အင်ဒိုနီးရှားအသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ သုံးဂိုးစီသရေကျနေ၍ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မလေးရှားအသင်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တတိယနေရာလုပွဲအဖြစ် မြန်မာနှင့် အင်ဒိုနီးရှား၊ ဗိုလ်လုပွဲအဖြစ် မလေးရှားနှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း