mdn

နေပြည်တော် ၁၈ သြဂုတ်

 

မြန်မာနိုင်ငံကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ် ၁၆ ရက်က မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံကင်းထောက်များနှင့် တွေ့ဆုံပွဲအခမ်းအနား တွင် “မှန်ကန်ခြင်းနဲ့ ကောင်းမွန်ခြင်းကို ချစ်မြတ်နိူးသောသူများ၊ ကတိတည်သူများ၊ စိတ်ဓာတ်နှိမ့်ချတတ်သူများ၊ နှလုံးသားက ကြင်နာတတ်တဲ့သူများ၊ ဂုဏ်သိက္ခာကို အမြဲစောင့်ထိန်းသူများ၊ ဂုဏ်သိက္ခာအမြဲရှင်သန် နေသူများ၊ အဲဒီလိုသူများဟာ လွတ်လပ်တဲ့သူများပါ”ဟု လွတ်လပ်သူတစ်ယောက်ဖြစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

လူတိုင်းလူတိုင်းအနေဖြင့် လွတ်လပ်ခြင်းကို အမှန်တကယ်မြတ်နိုးကြ၊ လိုလားတောင့်တကြသလို လက်တွေ့ တွင်လည်း လွတ်လပ်မှုကို ရှာဖွေနေကြသည်။ သို့သော် မှန်ကန်သည့် လွတ်လပ်မှုစစ်စစ်ကို လူတို့အနေဖြင့် ရှာဖွေတွေ့ရှိဖို့ လိုအပ်နေသေးသည်ဟုဆိုချင်သည်။ လွတ်လပ်မှုကို ရှာဖွေကြရာ၌ လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် ဆိုလိုရင်းကို မှန်မှန်ကန်ကန်သိရှိထားသင့်သည်။ ယင်းအချက်နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကင်းထောက်လူငယ်များတွေ့ဆုံစဉ် လွတ်လပ်ခြင်း၊ လွတ်လပ်သူအဓိပ္ပာယ်ကို အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

မှန်ကန်ခြင်းနှင့်ကောင်းမွန်ခြင်းကို ချစ်မြတ်နိူးသောသူများ၊ ကတိတည်သူများ၊ စိတ်ဓာတ်နှိမ့်ချတတ်သူများ၊ နှလုံးသား ကြင်နာတတ်သူများ၊ ဂုဏ်သိက္ခာအမြဲစောင့်ထိန်းသူများ၊ ဂုဏ်သိက္ခာအမြဲရှင်သန်နေသူများ သည် အမှန်တကယ်လွတ်လပ်သူ၊ စစ်မှန်သော လွတ်လပ်သူများသာဖြစ်သည်။ လွတ်လပ်သူတစ်ဦးတွင် ရှိအပ်သည့် အဆိုပါအချက်ခြောက်ချက်မှာ ကမ္ဘာ့ကင်းထောက်သီချင်းတွင် ဖော်ညွှန်းထားသည့်အချက်များဖြစ်ပြီး လွတ်လပ်မှုကို လိုလားသူတိုင်း ထိုအချက်များကို ကျင့်သုံးအပ်ပေသည်။

 

ကောင်းမွန်ခြင်း၊ မှန်ကန်ခြင်းကို တန်ဖိုးထားသူ၊ ချစ်မြတ်နိုးသူတစ်ဦး၏ လျှောက်လှမ်းရာခရီးလမ်းကြောင်းသည် မှန်ကန်သောလမ်းကြောင်း၊ ကောင်းမွန်သောခရီး ဖြစ်ပေလိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့် ကောင်းမွန်သော ကိစ္စများကို မလိုလားသူ၊ မှန်ကန်သောအကြောင်းအရာများကို တန်ဖိုးမထားသူသည် ဖြောင့်ဖြူးသာယာသော လမ်းပေါ်၌ လျှောက်လှမ်းနိုင်မည်မဟုတ်ချေ။ မှန်ကန်ကောင်းမွန်သောသူသည်သာ ၄င်းလျှောက်လှမ်းရာ ခရီးလမ်းကို လိပ်ပြာသန့်သန့်ဖြင့် ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ထိုခရီးလမ်းတွင် လျှောက်လှမ်းနေသော ၄င်းအဖို့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဖြစ်နေမည်ကို မျှော်မှန်းကြည့်နိုင်ပေသည်။

 

ကတိတည်သူသည် ကြွေးကင်းသောသူနှင့်တူပေသည်။ ကြွေးတင်နေသူတစ်ယောက်မှာ လိပ်ပြာမလုံ စိတ်မသန့်နိုင်ဘဲ ပူပန်မှုသောကများ နှင့်ပြည့်နှက်နေသည်။ ကြွေးကင်းသူတစ်ဦး၏ စိတ်နှလုံးသည် ပေါ့ပါးလန်း ဆန်းနေမည်ဖြစ်သည်။ ကြွေးဟူသည်မှာ ငွေကြွေး၊ အလုပ်ကြွေး၊ နှုတ်ကြွေးစသည်ဖြင့် မိမိကပေးရန်ရှိ၊ မိမိအပေါ်တွင်တင်ရှိသည့် ကြွေးအမျိုးမျိုးပင်ဖြစ်သည်။ ကြွေးကင်းသည်နှင့်အမျှ ထိုသူ၏ ကိုယ်စိတ်နှစ်ပါး စလုံး လွတ်လပ်နေမည်။ လန်းဆန်းနေမည်ဖြစ်သည်။

 

ဂုဏ်သိက္ခာရှိသူ၊ ဂုဏ်သိက္ခာစောင့်ထိန်းသူ၊ ကြင်နာတတ်သော နှလုံးသားရှိသူ၊ မိမိကိုယ်ကိုယ် နှိမ့်ချသူတို့ သည်လည်း အလားတူပင်ဖြစ်သည်။ ဂုဏ်သိက္ခာရှိသူအနေဖြင့် လူ့ဘုံအလယ်တွင် တင့်တယ်စွာရပ်တည် နေထိုင်နိုင်ပြီး ကြင်နာတတ်သော နှလုံးသားရှိသူအနေဖြင့် ၄င်း၏စိတ်တွင်ကျေနပ်ပီတိဖြစ်ပေလိမ့်မည်။ မိမိကိုယ်ကိုယ်နှိမ့်ချသူအနေဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းနေပေလိမ့်မည်။ လူ့ဘောင်လောကအလယ်တွင် တင့်တယ်စွာနေထိုင်နိုင်ခြင်း၊ ကျေနပ်ပီတိဖြစ်ခြင်း၊ နှလုံးစိတ်ဝမ်း အေးချမ်းခြင်းရှိသူတစ်ဦးသည်သာ လွတ်လပ်သူအစစ်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့်ကမ္ဘာ့ကင်းထောက်သီချင်းပါ စစ်မှန်သော လွတ်လပ်ခြင်း၏ ဖော်ညွှန်းချက်များပါအတိုင်း ကင်းထောက်လူငယ်များသာမက မိမိတို့အားလုံး ကိုယ်စိတ် နှစ်ပါး ပေါ့ပါးရွှင်လန်းပြီး ငြိမ်းချမ်းသာယာသည့်  လွတ်လပ်သော  လူသားများဖြစ်အောင် ကျင့်ကြံ အားထုတ်သင့်ပါကြောင်း။

 

ကြေးမုံ