ရွှေဘို ၁၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီက ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာ ဧက(၅၇၅) စိုက်ကွင်း တောင်သူများ၏ လယ်မြေတွင်ပြုလုပ်သော စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း JICA (AIIP) အစီအစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်များဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တောင်သူပညာပေး ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တောင်သူများအနေဖြင့် ရာသီဥတု ပြောင်းလဲလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်သည့် လုပ်သားများရှားပါးလာခြင်းတို့ကြောင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရန်မှ အခက်အခဲများနှင့် ကြုံတွေ့နေကြရပါကြောင်း ဒီအခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် ယခုလို လယ်ယာသုံးစက်ကိရိယာများ အသုံးပြု စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးစရိတ်များ သက်သာလာပြီး သီးနှံများအချိန်မီ စိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များ ကောင်းမွန်သော လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းအမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ(ရုံးချုပ်) နေပြည်တော် ညွှန်ကြားရေးမှူး ဦးခင်မောင်ညွှန့်ကလည်းကောင်း၊ မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ JICA အကြံပေး Mr.ARAKI နှင့် ရွှေဘိုခရိုင် စက်မှုလယ်ဦးစီးမှူးတို့က လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးပြောကြာခဲ့သည်။ အလားတူ Kubato, Minoru, Yarmar, စသည့် ကောက်စိုက်စက်ကုမ္ပဏီများမှ တာဝန်ရှိသူများကလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က JICA အကြံပေး Mr.ARAKI အား ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ကုမ္ပဏီများ၏ ကောက်စိုက်စက်များဖြင့် လိပ်ချင်းကျးရွာ ဧက(၅၇၅) စိုက်ကွင်းတွင် တောင်သူပညာပေး မိုးစပါးလက်တွေ့သရုပ်ပြစိုက်ပျိုးမှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ လိပ်ချင်းကျေးရွာနှင့် အခြားကျေးရွာများမှ စိတ်ပါဝင်စားသော တောင်သူများ တက်ရောက်ကြည့်ရှု လေ့လာအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲသည် တောင်သူများအနေဖြင့် လယ်တစ်ဧကကို ကောက်စိုက်အလုပ်သမား ငှားရမ်းလျှင် ကုန်ကျမည့်ငွေနှင့် ကောက်စိုက်စက်ဖြင့် ကောက်စိုက်မည်ဆိုပါက ကုန်ကျစရိတ် သက်သာသည့်အပြင် အချိန်ကုန်သက်သာပြီး စပါးများကို အချိန်မီစိုက်ပျိုးနိုင်သည့်အတွက် ယခုလို တောင်သူပညာပေး သရုပ်ပြစိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


