ဘားအံ ၁၈ သြဂုတ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဂျိုင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်နေသေးသည့် ကျေးရွာများအား သြဂုတ် ၁၇ ရက်က ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း ဦးဆောင်၍ အလှူရှင်များဖြစ်သော သုံးရောင်ခြယ် ပြည်သူ့အကျိုးပြု လူမှုကွန်ယက်အဖွဲ့မှ ဂျိုင်းမြစ်ရေ မြင့်တက်မှုကြောင့် ရက်ရှည် ရေဝင်ရောက်နေသည့် ကျုံဖဲကျေးရွာရှိ အိမ်ထောင်စု ၁၆၀ ကျော်အတွက် တစ်အိမ်ထောင်လျှင် လက်ဖက်အကြော်စုံထုပ်၊ ငါးသတ္တာဘူး၊ မြေပဲလှော်ထုပ်၊ အသင့်စား ခေါက်ဆွဲထုပ်များ၊ ငပိထောင်းဘူး၊ ငါးခြောက်ကြော်ဘူးများကို ဝေငှလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရေဘေးသင့် ပြည်သူများအတွက် အလှူရှင်များက လာရောက်လှူဒါန်းထားသော ထောက်ပံ့မှုများမှ လိုအပ်သည်များကို ပြန်လည်ထောက်ပံ့ပေးလျက်ရှိရာ ခရားအပြင်ကျေးရွာရှိ ရေကြီးနစ်မြုပ်နေသည့် အိမ်ထောင်စု ၁၄၄၀ စုအတွက် ဆန်အပါအဝင် စားရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အလှူရှင်များကိုယ်တိုင် ကျေးရွာအရောက် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
နေမျိုးလွင်(ပြန်/ဆက်)


