ရေတာရှည် ၁၈ သြဂုတ်


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် ရေတာရှည်-ကရင်ချောင်းလမ်းပေါ်ရှိ  စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ချဉ်းကပ်လမ်း ဖောက်လုပ်စဉ် ပါဝင်သွားသော မြေဧကများအား မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။


ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည် မြေယာနှင့် သီးနှံလျော်ကြေးငွေများ ပေးအပ်ကြကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါ မြေယာလျော်ကြေးငွေပေးအပ်ပွဲတွင် ရေတာရှည်-ကရင်ချောင်းလမ်းပေါ်ရှိ  စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ချဉ်းကပ်လမ်း ဖောက်လုပ်စဉ် ပါဝင်သွားသည့် တောင်ငူဘက်ခြမ်းမှ (၁၇.၃၇)ဧကနှင့် ရေတာရှည်ဘက်ခြမ်းမှ (၂၁.၁၁)ဧက စုစုပေါင်းတောင်သူ (၆၆)ဦး၏ မြေဧက (၃၈.၄၈) ဧကတို့အား တစ်ဧကလျှင် မြေယာအတွက် ငွေကျပ်သိန်း(၃၀)နှုန်းဖြင့်လည်းကောင်း၊ သီးနှံလျော်ကြေးအဖြစ် တစ်တင်းလျှင် ငွေကျပ်(၆၀ဝ၀)နှုန်းဖြင့် ၈၈၂၄.၈၈၆၃၆ တင်းအတွက် သီးနှံကြေး၏ သုံးဆအားလည်းကောင်း စုစုပေါင်းလျော်ကြေးငွေကျပ် ၁၆၅.၅၃၉၅ သန်းအား ပေးလျော်ခြင်းဖြစ်ကြောင်း သိရသည်။


ဟိန်းထက်(ပဲခူး)