မန္တလေး ၁၈ သြဂုတ်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းတံတား ပျက်စီးမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကုန်တင်ကားများ ပိတ်မိနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုများ ပျောက်တောက်ကာ အရောင်းအဝယ် အေးနေလျက်ရှိကြောင်း ကုန်စည်ဒိုင်ပွဲရုံများထံက သိရသည်။
“တံတားပျက်စီးတဲ့အတွက် တရုတ်ဘက်ကနေ မန္တလေးကိုဝင်တဲ့ ကုန်စည်ဈေးနှုန်းတွေကတက်ပြီးတော့ တရုတ်နိုင်ငံကို တင်ပို့မယ့် ကုန်စည်တွေက ဝယ်လိုအားလျော့နည်းပြီး ဈေးတွေကျနေတယ်” ဟု ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
အဆိုပါ တရုတ်ဘက်သို့ သွားမည့်ကုန်ကားများအနေဖြင့် ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များတွင် ကားများရပ်နားထားရပြီး လားရှိုးမှလာသည့် ကုန်ကားများသည်လည်း ထိုသို့ ရပ်နားထားရကြောင်း သိရသည်။
“ကုန်တင်လို့မရတော့ အရောင်းအဝယ် အေးသွားတယ်။ ဈေးနှုန်းကတော့ မကျသေးဘူး။ တစ်ပတ်၊ ဆယ်ရက်အတွင်း ကားကြီးတွေဖြတ်လို့ရရင်တော့ ဈေးမကျဘူး။ ရက်ကြာသွားရင်တော့ ဈေးနှုန်းပြန်ကျသွားနိုင်တယ်။
ဈေးနှုန်းက တံတားပေါ် မူတည်နေသလိုဖြစ်နေတာပါ”ဟု မန္တလေးမြို့ ရွှေမန်းလှကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောသည်။
ပျက်စီးသွားသည့် တံတားအား ခရီးသွားပြည်သူများ အခက်အခဲမရှိစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တံတားတည်ဆောက်ရေး အထူးအဖွဲ့များက အမြန်ဆုံး (၅) ရက်အတွင်း Double Lane Bailey bridge (နှစ်လမ်းသွား ဘေလီတံတား) ကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သူရိန်လင်း


