ရန်ကုန် ၁၈ သြဂုတ်

မြန်မာနိုင်ငံ၏ မြေငလျင်ဆိုင်ရာ အချက်အလက်နှင့် သုတေသနလုပ်ငန်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီ နှစ် (၂၀)ပြည့်အခမ်းအနားတွင် ဘူမိဗေဒနှင့် မြေငလျင်ပညာရှင် ၁၀ ဦးက ဆွေးနွေးဟောပြောမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ နှစ် (၂၀)ပြည့်အခမ်းအနားကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် Function Hall ၌ ဩဂုတ် ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆွဲခဲ့ပြီးတဲ့မြေငလျင်အန္တရာယ်ပြ မြေပုံတွေအကြောင်း၊ ပြန်ပြီးပြုပြင်ထားတဲ့ ငလျင်ဇုန်မြေပုံအကြောင်းနဲ့ ငလျင်အန္တရာယ်လျော့နည်းရေးအတွက် လုပ်သင့်တာတွေကို အကြံပေးသွားပါမယ်။ ငလျင်ပညာရှင်တွေကတော့ မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့ ငလျင်အကျိုးဆက်တွေ စတာတွေ ဟောပြောဆွေးနွေးသွားမှာပေါ့။ ဆွေးနွေးတာကတော့ မနက်ပိုင်းပညာရှင်ငါးယောက်၊ ညနေပိုင်း ငါးယောက်ဟောပြောမှာပါ”ဟု အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောသည်။

အခမ်းအနားတွင် မြေငလျင်များနှင့်စပ်လျဉ်း၍ ဒေါက်တာထွန်းလွင်၊ ဒေါက်တာမျိုးသန့်၊ ဒေါက်တာကျော်ထွန်း၊ ဦးတင့်လွင်ဆွေ၊ ဒေါက်တာယဉ်မျိုးမင်းထွေး၊ ဦးစောထွေးဇော်၊ ဒေါက်တာထွန်းနိုင်၊ ဒေါက်တာယုမောင်၊ ဒေါက်တာတိုးတိုးဝင်းနှင့် ဒေါ်သင်းလှိုင်ဦးတို့က ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံငလျင်ကော်မတီကို ၁၉၉၉ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် ငလျင်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် နှစ် (၂၀) ပြည့်ခဲ့ပြီဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

သူရိန်လင်း