ကော့ကရိတ် ၁၈ ဩဂုတ်
ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၁၇ ရက်က ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းခြင်း၊ မြစ်/ချောင်းရေများ မြင့်တက်လာခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအချို့တွင် နေထိုင်သူများ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အဆိုပါ ရေဘေးကြုံတွေ့ခဲ့ရသည့် မြောက်ကမ္မရိုက်ကျေးရွာအုပ်စုသို့ ဩဂုတ် ၁၇ ရက် ညနေပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် Mytel (Kayin Branch) တို့မှ ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြောက်ကမ္မရိုက်ကျေးရွာအုပ်စုရှိ ငှက်ပျော်တော၊ မာလာကုန်း၊ တလွဲထော်ကျေးရွာများရှိ ရေဘေးသင့် အိမ်ထောင်စု ၃၅၀ စု၊ လူဦးရေ ၁၀၅၀ ဦးအတွက် ဆန်အိတ် ၁၀ဝ၊ ရေသန့် ၂၀ဝ ကတ်၊ ငါးသေတ္တာ ၁၀ဝ ဖာ၊ ခေါက်ဆွဲခြောက် ၁၀ဝ ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


