ပေါင် ၁၈ သြဂုတ်
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် မွန်ပြည်နယ်တို့ ပူးပေါင်းထည့်ဝင်လှူဒါန်းထားသော စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မွန်ပြည်နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အိမ်ထောင်စု ၄၂၁ စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၅၀ဝ၀ ကျော်ရှိ ကုန်ခြောက်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ဖယောင်းတိုင်များတို့ကို သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
ထို့ပြင် ပေါင်မြို့နယ် မုကျိကျေးရွာရှိ တောင်မြေသား ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသော နေအိမ် ၂ အိမ်အတွက် ယနေ့ နံနက်ပိုင်းတွင် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းစီတို့ကို အဖွဲ့ဝင်များကိုယ်စား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)


