ဆင်ဘို ၁၈ ဩဂုတ်
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ် ၁၇ ရက်က ဆင်ဘိုမြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက် ၁၀ နာရီတွင် ဆင်ဘိုမြို့သို့ရောက်ရှိပြီး အောင်မင်္ဂလာရပ်ကွက် ဒက္ခိဓဏာရာမကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ထံ အလှူငွေကျပ် ၁၀ သိန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆန် ၅ အိတ်တို့ကို လှူဒါန်းပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ လိုအပ်ချက်၊ ပြည်သူများကို အကျိုးပြုမည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်/ မြို့အဆင့်အလိုက် ဦးစားပေးစနစ်နဲ့ စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ဆင်ဘိုဒေသကို လာရောက်ခြင်းသည် ဒေသခံပြည်သူတွေ ဘာတွေလိုအပ်သလဲ၊ ဘာတွေဖြည့်ဆည်းပေးရလဲ၊ ချက်ချင်းဆောင်ရွက်ပေးနိုင်သည်ကို ချက်ချင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် လုပ်ငန်းများကို ဘတ်ဂျတ်နှစ်အလိုက် စီမံကိန်းရေးဆွဲ၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံရပ်မိရပ်ဖများ၊ တောင်သူများက ဆင်ဘိုဒေသ ဖွံ့ဖြိုးရေးအတွက် ကမ်းထိန်းနံရံ တည်ဆောက်ပေးရေး၊ လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ရေး၊ မြို့နယ်အဆင့် သတ်မှတ်ပေးရေး၊ မူးယစ်ဆေးသုံးစွဲမှုကိစ္စရပ်များ၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေး၊ ဒေသအတွက် အဓိကလိုအပ်သည့် ခရိုင်ချင်းဆက်လမ်းများ ဖောက်လုပ်ပေးရေး စသည့်တို့ကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့တော်ခန်းမဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ခန်းမသစ် ဆောက်လုပ်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ နှစ်ခြင်းအသင်းတော် သိက္ခာတော်ရ ဆရာတော်များ၊ ကက်သလစ် အသင်းတော်ဘုန်းတော်ကြီးများ အသင်းသား/ သူများနှင့် တွေ့ဆုံကာ အသင်းတော်နှစ်ခုအတွက် ဆန်အိတ် ၅ အိတ်စီနှင့် ငွေကျပ် ၁၀ သိန်းစီကို ထောက်ပံ့လှူဒါန်းခဲ့သည်။
ထိုမှတစ်ဆင့် ဆင်ဘိုမြို့ ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အခမဲ့ ဆေးဝါးကုသရေး အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆေးရုံအတွင်း လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ဆေးရုံအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခြင်း၊ ဧရာဦးရပ်ကွက်ရှိ ဇေယျသုခကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ၊ ဆန် ၅ အိတ်နှင့် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် အခြေခံပညာ အထက်တန်းကျောင်း၊ ဆင်ဘို၌ RC နှစ်ထပ် စာသင်ဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ကျောင်းအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး KG တန်း ကျောင်းသား ကလေးငယ်များအား ကျောပိုးအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
(ပြည်နယ် ပြန်/ဆက်)


