မြိုင် ၁၈ သြဂုတ်
ကျေးရွာဘုရားပွဲ ဆွမ်းလောင်းချိန်များတွင် ကျေးရွာဓလေ့ ထုံးစံတစ်ခုဖြစ်သော အသံချဲ့စက် ဖွင့်ပြိုင်ပွဲနှင့် တေးသရုပ်ဖော်ပြိုင်ပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် လင်းကတောကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
"ဘိုးဘွားစဉ်ဆက်ကတည်းက ကျေးရွာဘုရားပွဲမှာ စည်စည်ကားကားတော့ ကျင်းပလေ့ရှိတယ်၊ ကျွန်တော်တို့ လက်ထက်မှာလည်း ပိုပြီးစည်ကားအောင်လို့ တစ်မျိုးကြံဆောင် ကျင်းပတာ ဖြစ်ပါတယ်၊ ဟိုတုန်းကတော့ အခုလို အသံချဲ့စက် ကောင်းတာတွေ မရှိခဲ့ဘူး၊ အခုအချိန်မှာတော့ ကျေးရွာလူငယ်တွေက အနယ်နယ်အရပ်ရပ်က ကောင်းပေ့ဆိုတဲ့ အသံချဲ့စက်တွေ စက်ဆရာတွေ၊ စက်သမားတွေကို ငွေကြေး အကုန်အကျ အများကြီးနဲ့ လာပြီးယှဉ်ပြိုင်ကြတာ ဖြစ်တယ်” ဟု လင်းကတောကျေးရွာမှ အသံချဲ့စက်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် ကိုလှမိုးက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်များတွင် အလှူအတန်းပွဲများ၊ မင်္ဂလာဆောင်၊ တရားပွဲများနှင့် ဆွမ်းလောင်းပွဲများတွင် အသံချဲ့စက်ဖွင့်သည့် ဓလေ့စရိုက်တစ်ခုသည် ယနေ့အချိန်အထိ ရှင်သန်ဆဲဖြစ်ပြီး ယခုကဲ့သို့ ပြိုင်ပွဲများတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ယှဉ်ပြိုင်ကြသည့် အသံချဲ့စက်များကို လာရောက်ကြည့်ရှုအားပေးကြာ မိမိတို့ဒေသတွင် ကျင်းပသည့် အလှူအတန်းပွဲများတွင် ၎င်းစက်များကို ငှားရမ်းအသုံးပြုသည့် ဓလေ့များလည်းရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


