ရန်ကုန် ၁၈ သြဂုတ်
(၂၈)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ရဲထောက်ချုပ် ရဲမှူးချုပ်သန်းတင်အောင်နှင့် အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့က စစ်တုရင်အရုပ်ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေး၍ ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ကျင်းပရာ ခုံအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အားကစားသမား(၁၅)ဦးကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် အသင်းလိုက် တတိယဆုရရှိသည့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဒုတိယဆုရရှိသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့ကို အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့က ဆုများပေးအပ်ကြသည်။
ယင်းနောက် အသင်းလိုက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အား ရဲထောက်ချုပ် ရဲမှူးချုပ်သန်းတင်အောင်က တံခွန်စိုက်ဒိုင်းဆုနှင့် ဆုများကို ပေးအပ်သည်။
(သတင်းစဉ်)


